PDA

View Full Version : IFF System



William Paul
03-15-2009, 09:30 AM
မူလခေါင်းစဉ်ရှင်ရဲ့ သဘောနဲ့တော့ကိုက်ချင်မှကိုက်မယ်ဗျ...
ကျွန်တော် IFF အကြောင်းလေး လေ့လာချင်လို့နည်းနည်းဆွေးနွေးပေးကြပါလားဗျာ...
စစ်သုံးကော အရပ်ဖက်သုံးကောပေါ့...
လင့်တွေတော့လိုက်ဖတ်ကြည့်ပါသေးတယ်....လက်တွေ့မရှိတော့မျက်စေ့ထဲသိပ်မမြင်လို့....
အခြေခံကျကျလေးဆွေးနွေးပေးနော် တကယ်အခြေခံမရှိလို့....
ကဲ...ညီအစ်ကိုတို့ ၀ိုင်းဝန်းကူညီကြပါဦး...
လေးစားလျက်
William Paul




William Paul တောင်းဆိုသဖြင့် ပိုင်းဖြတ်ပေးခြင်း

ဟိန်းညီ
03-21-2009, 11:48 PM
အရင်ကြိုဝင်ခံရမှာပဲ။ ကျွန်တော် identification friend-or-foe အကြောင်းသိပ်မသိပါဘူး။
သိသလောက်ဝင်ဆွေးနွေးတာပါ။ ကျွန်တော်အခုသင်နေသလောက်တော့ အဲလိုရေဒါ system မျိုး မပါသေးဘူး။
ရေဒါကနေ ဖမ်းယူမဲ့ အရာဝတ္တု (လေယာဉ် ၊ သင်္ဘော စသည် ) တို့ ရှိသလား မရှိဘူးလားဆိုတာမျိုး
ရှိခဲ့ရင်လည်း အဲဒီအရာဝတ္တုရဲ့ အကွာအဝေး ၊ အလျင် ၊ တည်နေရာ (ထောာင့် ) စတာတွေကိုတိုင်းတာတဲ့ အပိုင်းလောက်ထိပဲ
သင်ရသေးတော့ IFF ကြောင်းကိုသေချာတော့မသိဘူး။ ဖတ်ရသလောက်ကတော့ identification friend-or-foe ( IFF ) ဆိုတာ
ရေဒါတစ်မျိုးပါပဲ။ ဘယ်လိုရေဒါမျိုးလည်းဆိုရင် ဖမ်းမဲ့ အရာဝတ္တုရဲ့ အကွာအဝေး ၊ အလျင် ၊ တည်နေရာ (ထောာင့် ) စတာတွေ
အပြင် အဓိကကတော့ မိမိဘက်တော်သားလား ရန်သူလားဆိုတာကိုခွဲခြားတာမျိုးပါ။ IFF တွေနဲ့ ကောင်းကင်ပေါ်က လေယာဉ်တွေဖြစ်ဖြစ်
ပင်လယ်ထဲက သင်္ဘောတွေကိုဖြစ်ဖြစ် မြေပြင်ပေါ်က ယဉ်အမျိုးမျိုးကိုပဲဖြစ်ဖြစ် ခွဲခြားနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းမှာ လေယာဉ်တွေကို
တွင်ကျယ်စွာသုံးခဲ့တဲ့အတွက် မိမိလေယာဉ်လား ရန်သူလေယာဉ်လားဆိုတာကိုခွဲခြားဖို့ IFF ကိုတီထွင်အသုံးပြုလာခဲ့ကြပါတယ်။ အသေးစိတ်တော့
ကိုယ်သေချာမသိတဲ့အပိုင်းမို့ မဆွေးနွေးတော့ပါဘူး။ ကျွန်တော်ဖတ်မိတဲ့ထဲက ကောင်းတဲ့လင့်လေးမျှဝေလိုက်ပါတယ်။ အမေးအဖြေလေးတွေပါ။
http://www.dean-boys.com/extras/iff/iffqa.html
ုKo William Paul ပြောမှကျွန်တော်လည်းအင်တာနက်မှာလျောက်ဖတ်ကြည့်မိတာပါ။ ဒါကြောင့် Ko William Paul ရေ ကျေးဇူးပဲဗျို့ ။ :)
အစ်ကိုကပိုလေ့လာထားမယ်ထင်တယ်။ သိသလောက်မျှဝေပါဦး။
လေးစားလျက်
ဟိန်းညီ

William Paul
04-26-2009, 10:19 AM
အခုနောက်ပိုင်း Online ပေါ်ကိုမရောက်ဖြစ်တာကြာပြီ။ ဘယ်နေရာပဲရောက်ရောက် ဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ အင်တာနက်သုံးဖြစ်ပြီဆိုတာနဲ့ မြန်မာအင်ဂျင်နီယာဖိုရမ် ထဲကို ဝင်ဖြစ်တာပါပဲ။ ကိုယ်တိုင်ကအချိန်မရလို့ ဘာပို့စ်မှမတင်ဖြစ်ပေမဲ့ သူများ တင်ထားသမျှတော့ အချိန်ရရင်ရသလို ဝင်ဖတ်ဖြစ်ပါတယ်။ အခု IFF အကြောင်းတော့ ကျွန်တော်လည်းလေ့လာနေတာနဲ့ ဆွေးနွေးဖို့ စိတ်ကူးမိတာပါ။ ကျွန်တော်က Mechanical နဲ့ ကျောင်းပြီးတာပါ။ လိုအပ်ချက်အရ Electronic ပိုင်းတွေလေ့လာနေရတယ်။ အခြေခံက မရှိတော့ နည်းနည်းတော့ဝေးတယ်ဗျ။ အခုလည်းကိုယ်က ဘာမှသိပ်မသိတော့ အခြေခံက စပြီး လေ့လာရတာပေါ့။ ကျွန်တော့လိုပဲ လေ့လာချင်တဲ့သူတွေ လေ့လာလို့ရအောင် ဖိုရမ်မှာ တင်ပေးဖို့ကြိုးစားကြည့်ပါတယ်။ အားတဲ့အချိန်မှာရေးထားတယ်။ အင်တာနက်သုံးဖြစ်မှ တင်ပေးမယ်ပေါ့။ ပညာရှင်တွေအတွက် သိပ်အခြေခံကျကောင်းကျနေပါလိမ့်မယ်။ အမှားပါရင်လည်း စေတနာထားပြီး ဝိုင်းဝန်းပြုပြင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ တစ်စုံတစ်ယောက်အတွက် တစ်စိတ်တစ်ပိုင်း အကျိုးဖြစ်ထွန်းတယ်ဆိုရင်ကျေနပ်ရမှာပါ။

ရန်သူမိတ်ဆွေခွဲခြားမှုစနစ် (IFF-Identification of Friend or Foe)
IFF ဆိုတာ အီလက်ထရွန်းနစ် စနစ်တစ်ခုဖြစ်ပြီး စစ်ဘက်သုံးအနေနဲ့ လေယာဉ်များ၊ ယာဉ်များနှင့် တပ်ဖွဲ့များအား ရန်သူမိတ်ဆွေခွဲခြားတဲ့နေရာမှာ အသုံးပြုပါတယ်။ အရပ်ဘက် မှာတော့ လေယာဉ်ကွင်းတွေရှိ Air Traffic Control တွေမှာ တပ်ဆင်အသုံးပြုကြပါတယ်။ IFF ရေဒါအကြောင်းပြောရာမှာ ပထမဦးစွာ Primary Radar နဲ့ Secondary Radar တို့ကို ခွဲခြားသိမြင်ရန် လိုပါတယ်။
Primary Radar ဆိုတာကတော့ ခပ်ရှင်းရှင်းပြောရရင် မီးမောင်းနဲ့ထိုးလိုက်လို့ အလင်းပြန်လာပြီး မြင်ရသလိုပါပဲ။ ရှေးဦးစွာ ရေဒါကနေပြီး ရေဒါလှိုင်းတွေ ထုတ်လွှင့်လိုက်ပါတယ်။ ထုတ်လွှင့်လိုက်တဲ့ ရေဒါလှိုင်းဟာ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေ၊ တိမ်တွေ၊ လေယာဉ်တွေကို ထိမှန်ပြီး ရေဒါဆီကိုပဲ့တင်ပြန်လာပါတယ်။ ထုတ်လွှင့်လိုက်တဲ့အချိန်၊ ပြန်လည်ဖမ်းယူရရှိတဲ့အချိန်နဲ့ ရေဒါလှိုင်းရဲ့သွားနှုန်း တို့အပေါ်မူတည်ပြီး အရာဝတ္ထုရဲ့အကွာအဝေးကို တွက်ချက်နိုင်ပါတယ်။ အောက်ဖေါ်ပြပါပုံကတော့ ရေဒါအားလုံးရဲ့အခြေခံဖြစ်တဲ့ Mono-static Radar အမျိုးအစား ဖြစ်ပြီး ရေဒါလှိုင်းထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်းတို့ကို အင်တင်နာတစ်ခုထဲကပဲ လုပ်ဆောင်ပေးပါတယ်။

http://img23.imageshack.us/img23/9182/23699505.jpg

Secondary Radar ကို IFF ရေဒါလို့လည်းခေါ်ပါတယ်။ သူ့မှာမြေပြင်ကနေမေးတဲ့ အမေးစက် (Interrogator) နဲ့ လေယာဉ်ပေါ်မှာတပ်ဆင်ထားရမယ့် အဖြေစက် (Transponder) တို့ပါဝင်ပါတယ်။ Interrogator နဲ့ Transponder တို့ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ နောက်ပိုင်းမှာဆက်ဆွေးနွေးသွားပါ့မယ်။ ယေဘူယျအားဖြင့်တော့ Interrogator ကနေသတ်မှတ်ထားတဲ့ frequency ရှိတဲ့ pulse တွေကို သတ်မှတ်ထားတဲ့အချိန်အပိုင်းအခြားနဲ့ အရေအတွက်အတိုင်း ထုတ်လွှတ်ပေးပါတယ်။ လေယာဉ်ပေါ်မှာတပ်ဆင်ထားတဲ့ Transponder ကလည်း သတ်မှတ်ထားတဲ့ frequency ရှိတဲ့ pulse တွေကို သတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ထုတ်လွှတ်ပေးရပါတယ်။ ဤနည်းအားဖြင့် ပြန်လည်တုံ့ပြန်ဖြေကြားနိုင်ခြင်း ရှိမရှိကိုကြည့်ပြီး ရန်သူမိတ်ဆွေခွဲခြားမှုပြုလုပ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ လေယာဉ်အမြင့်တွေကိုပါဖော်ပြနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ အောက်ဖော်ပြပါပုံမှ Secondary Radar နဲ့ပတ်သက်ပြီး လေ့လာနိုင်ပါတယ်။

http://img16.imageshack.us/img16/6682/15891209.jpg

William Paul
04-26-2009, 11:07 AM
အခုဆက်လက်ပြီး လက်ရှိ IFF စနစ်တွေအကြောင်းလေ့လာကြမှာဖြစ်ပါတယ်။ ခေတ်ပေါ် IFF စနစ်တွေကတော့ အခြေခံအားဖြင့် အမေး / အဖြေ စနစ်မျိုးဖြစ်ပါတယ်။ ပထမဦးစွာ Interrogator ကနေ frequency 1030 MHz ရှိတဲ့ ရေဒီယို Signal တွေကိုထုတ်လွှတ်ပါမယ်။ Interrogator တွေကို primary ရေဒါတွေနဲ့အတူ တပ်ဆင်လေ့ရှိသလို အခြားလေယာဉ် ဒါမှမဟုတ် သင်္ဘောပေါ်မှာလည်း တပ်ဆင်အသုံးပြုလေ့ရှိပါတယ်။ အဲ့လို Interrogator ကနေထုတ်လွှင့်လိုက်တဲ့ အမေးကုဒ် (Signal) ကို မိမိမေးမြန်းလိုက်တဲ့ လေယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ Transponder လက်ခံရရှိပါတယ်။ အဲ့လိုလက်ခံရရှိတာနဲ့ တပြိုင်နက် မေးမြန်းချက်နဲ့သက်ဆိုင်ရာ Signal (frequency 1090 MHz) ကိုအလိုအလျောက်ပြန်လည် ထုတ်လွှတ်ပေးပါတယ်။ ဤနည်းအားဖြင့် လေယာဉ်တွေပေါ်ခွဲခြားမှုပြုလုပ်နိုင်ပါတယ်။
ဘာတွေကိုဘယ်လိုခွဲခြားမှုလုပ်နိုင်လဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်လက်လေ့လာသွားကြမှာဖြစ်ပါတယ်။ Secondary Radar (IFF Radar) တွေမှာ Mode အမျိုးမျိုးရှိပါတယ်။ စစ်သုံးအနေနဲ့ Mode 1,2,3,4,5 တို့ရှိပြီး အရပ်ဘက်မှာတော့ Mode A,C,S စသဖြင့်ခွဲခြားသတ်မှတ်ထားပါတယ်။ တချို့စာအုပ်တွေမှာ Mode B နဲ့ D တို့ကိုတွေ့ရပေမဲ့ အသုံးပြုတဲ့ Pulse တွေရဲ့ time interval တွေကလွဲလို့ တခြားအချက်အလက်တွေ မတွေ့ရပါဘူး။ Mode တွေကိုတော့ အောက်ပါအတိုင်းခွဲခြား အသုံးပြုကြပါတယ်။

Mode 1
Mode 1 ကို Military Air Traffic Control တွေမှာ အသုံးပြုပါတယ်။ ဘယ်လေယာဉ်အမျိုးအစား ဖြစ်တယ်။ ဘာတာဝန်ထမ်းဆောင်တယ်ဆိုတာတွေကို သိရှိနိုင်ပါတယ်။ 2 Digit Octal Code အမျိုးအစားဖြစ်ပြီး 64 Reply Codes အထိပါဝင်ပါတယ်။
Mode 2
Mode 2 ဟာလည်း စစ်ဘက်သုံးအမျိုးအစားဖြစ်ပြီး လေယာဉ်တွေရဲ့ tail number တွေကိုဖော်ပြပေးနိုင်ပါတယ်။ 4 Digit Octal Code ဖြစ်ပြီး 4096 Reply Codes အထိပါဝင်ပါတယ်။ ၄င်းကိုမြေပြင်မှာကတည်းက ကြိုတင်သတ်မှတ်ထားပေးလေ့ရှိပြီး ပျံသန်းနေချိန်မှာလည်း လေယာဉ်အမျိုးအစားပေါ်မူတည်ပြီး သတ်မှတ်ပေးနိုင်ပါတယ်။
Mode 3/A
Mode 3/A ကို စစ်ဘက်ကော အရပ်ဘက်မှာပါ အသုံးပြုကြပါတယ်။ စစ်ဘက်မှာ Mode 3 အဖြစ်သုံးပြီး အရပ်ဘက်မှာတော့ Mode A ဖြစ်ပါတယ်။ Air Traffic Control တွေမှာ အဓိက အသုံးပြုတဲ့ Mode အမျိုးအစားဖြစ်ပါပြီး လေယာဉ်အမြင့်ကိုဖော်ပြတဲ့Mode C နဲ့ တွဲဖက်အသုံးပြုလေ့ရှိပါတယ်။ 4 Digit Octal Code ကိုပဲ အသုံးပြုပါတယ်။ သာမန်အားဖြင့် Airport Departure Controller တွေက Mode 3/A Code တွေကိုသတ်မှတ်ပေးပါတယ်။
Mode 4
Mode 4 မှာ Reply Pulse သုံးခုပေးပို့နိုင်ပါတယ်။ ဝှက်စာသွင်းထားတဲ့ 32 bit Interrogation Code တွေပေါ်မူတည်ပြီး တုံ့ပြန်မှုပေးတာဖြစ်ပါတယ်။ Interrogator မှထုတ်လွှတ်လိုက်တဲ့ Signal တွေကိုမှန်ကန်စွာ ဝှက်စာဖြည်ခြင်းမပြုလုပ်နိုင်ဘဲနဲ့ Reply Signal ကိုထုတ်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ Mode ဟာ ပိုမိုလုံခြုံစိတ်ချရမှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Mode 5
Mode 5 ဟာ အရပ်ဘက်သုံး Mode S နဲ့ဆင်တူပါတယ်။ GPS position ကိုပါပြနိုင်တယ်လို့သိရတယ်။
Mode C
Mode C မှာ 10 bit Binary Code ကိုအသုံးပြုပြီး လေယာဉ်ရဲ့ အမြင့်ကို လေယာဉ်အမြင့်တိုင်းတာရေး ကွန်ပျူတာမှရယူကာ ပေ ၁၀၀ တက်တိုင်း ကျတိုင်းမှာ ဖော်ပြပေးနိုင်ပါတယ်။ Mode A နဲ့ တွဲဖက်အသုံးပြုလေ့ရှိပါတယ်။
Mode S
Mode S ကတော့ စစ်ဘက်သုံး Mode 5 နဲ့ တူပါတယ်။ Mode S ကို လေယာဉ် အတက်အဆင်းများတဲ့ Air Traffic Control တွေမှာ ထိန်းသိမ်းနိုင်ဖို့ နဲ့ အလိုအလျောက် လမ်းညွှန်ထိန်းကြောင်းမှု ပြုနိုင်ရန်စီစဉ်ဆောင်ရွက်ထားပါတယ်။ Mode S ကိုအသုံးပြုနေချိန်မှာ Mode A နဲ့ Mode C တို့ကိုပါ Transponder ကတုံ့ ပြန် ဖြေဆိုနိုင်ပါတယ်။
Mode တွေရဲ့ ကွဲပြားခြားနားပုံကိုတော့ အောက်ပါပုံနဲ့ ဇယားတွေမှာ လေ့လာနိုင်ပါတယ်။

http://img24.imageshack.us/img24/3964/98513161.jpg

http://img21.imageshack.us/img21/701/25984525.jpg

William Paul
05-02-2009, 09:58 AM
IFF သမိုင်းကြောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကတော့ လေယာဉ်တွေရဲ့ အရောင်တွေ၊ သင်္ကေတအမှတ်အသားတွေ၊ အလံတွေ စသည်တို့ကိုအသုံးပြုပြီး မိမိလေယာဉ်နဲ့ ရန်သူ့လေယာဉ်တွေကို ခွဲခြားမှုပြုလုပ်ခဲ့ကြပါတယ်။ ရှေးဦးတိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်ပုံက ရိုးစင်းတဲ့ အတွက် ဝင်ရောက်တိုက်ခိုက်လာတဲ့ လေယာဉ်ကို မျက်မြင်နည်းနဲ့ အလွယ်တကူခွဲခြားပြီး ကာကွယ်တိုက်ခိုက်မှုပြုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ တိုက်လေယာဉ်တွေရဲ့ လှုပ်ရှားတိုက်ခိုက်မှု ပုံစံတွေဟာ တိုးတက်ဖွံဖြိုးလာပါတယ်။ ဒီတော့ မျက်မြင်နည်းနဲ့ ခွဲခြားမှုပြုလုပ်နိုင်ပေမဲ့လည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ နောက်ကျတဲ့ပြဿနာကို ကြုံတွေ့လာရပါတယ်။ အချို့သော မြေမျက်နှာသွင်ပြင်တွေကလည်း မျက်မြင်ခွဲခြားမှုပြုလုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် မှောင်မိုက်တဲ့ ညအချိန်မှာတော့ ဒီလို မျက်မြင်ခွဲခြားမှုတွေကမလုံလောက်ပါဘူး။
အဲ့ဒီအချိန်က ရေဒါတွေရဲ့ လုပ်ဆောင်မှု ပုံသဏ္ဍာန်ကလည်းရိုးစင်းပါတယ်။ ရေဒါကထုတ်လွှင့်လိုက်တဲ့ လှိုင်းတွေက ချဉ်းနင်းဝင်ရောက်လာတဲ့ ပစ်မှတ်ကိုထိမှန်ပြီး ပြန်လာပါတယ်။ ပဲ့တင်ပြန်လာတဲ့ လှိုင်းတွေကို ရေဒါကဖမ်းယူပြီး ပစ်မှတ်ရဲ့ အကွာအဝေး၊ ညွှန်းရပ်စတာတွေကို တိုင်းတာနိုင်ပါတယ်။ ဒါပေမဲ့ ရေဒါကဖမ်းယူရရှိတဲ့ပစ်မှတ်ဟာ ဘယ်အမျိုးအစားဖြစ်တယ်၊ ဘာတာဝန်နဲ့ ဘယ်ကိုဦးတည်ပျံသန်းနေတယ် ဆိုတာတွေကိုမသိနိုင်ပါဘူး။ ဒါကြောင့်ပဲ ပုလဲဆိပ်ကမ်းတိုက်ပွဲမှာ အမေရိကန်တွေ အလစ်အငိုက်တိုက်ခံလိုက်ရတာဖြစ်ပါတယ်။ ဝင်ရောက်လာတဲ့ ဂျပန်လေယာဉ်တွေကို အမေရိကန်ရေဒါတွေက ဖမ်းယူရရှိပါတယ်။ ဒါပေမဲ့ နိုင်ငံအတွင်းပိုင်းက ဝင်ရောက်လာတဲ့ မိမိလေယာဉ်တွေလို့ မှတ်ထင်ပြီး တစ်စုံတစ်ရာတုံ့ပြန်မှုမပြုလုပ်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ ရန်သူမိတ်ဆွေခွဲခြားမှု စနစ်ရဲ့ အရေးကြီးပုံကို သတိပြုမိစေပါတယ်။ ဒါကြောင့်ပဲရေဒါနည်းပညာ တိုးတက်ဖွံဖြိုးလာမှုနဲ့အတူ ဝှက်စာထည့်သွင်းထားတဲ့ Signal များကိုအသုံးပြုတဲ့ IFF စနစ်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အီလက်ထရောနစ်စနစ်ဖြင့်ခွဲခြားမှုပြုလုပ်ခြင်း
ဒုတိယကမ္ဘာစစ် အစောပိုင်းကာတုန်းက ဗြိတိသျှလေတပ်သားများဟာ ဂျာမန်တိုက်လေယာဉ်တွေရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိပြုမိလာကြပါတယ်။ ဂျာမန်တိုက်လေယာဉ်တွေဟာ သိသာထင်ရှားတဲ့ အကြောင်းခြင်းရာ မရှိဘဲနဲ့ ပျံသန်းမှုပုံစံတစ်မျိုးကို တူညီစွာပြုလုပ်နေခဲ့ကြပါတယ်။ နောက်ပိုင်းမှသိရတာကတော့ ကြိုတင်သတ်မှတ်ထားတဲ့ Signal ကိုလက်ခံရရှိတဲ့ အခါမှာ ဒီလိုပျံသန်းမှုပုံစံကို ပြုလုပ်ခြင်းဖြစ်ပြီး ဒီလိုပျံသန်းမှုပုံစံဟာ ရေဒါလှိုင်းတွေပဲ့တင်ပြန်သွားတဲ့ အခါမှာ ကွဲပြားခြားနားတဲ့ တုံ့ပြန်မှုမျိုးကိုဖြစ်ပေါ်စေပါတယ်။ ဒီနည်းအားဖြင့် မိမိလေယာဉ်များဟာ အခြားအရာဝတ္ထုတွေနဲ့ကွဲပြားခြားနားနေမှာ ဖြစ်ပြီး ရန်သူမိတ်ဆွေခွဲခြားမှုကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ဒီလိုခွဲခြားမှုပြုလုပ်ခြင်းဟာ အီလက်ထရောနစ်စနစ်ဖြင့် ခွဲခြားမှုပြုလုပ်ခြင်းရဲ့ ရှေးဦးလုပ်ဆောင်မှုပဲဖြစ်ပါတယ်။ သူ့မှာအမေးစနစ်ဖြစ်တဲ့ သတ်မှတ်ထားတဲ့ ရေဒါလှိုင်း ပါဝင်ပြီး အဖြေစနစ်အနေနဲ့ ရေဒါလှိုင်းပဲ့တင်ပြန်သွားနိုင်စေရန် လှုပ်ရှားပျံသန်းခြင်းတို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျာမန်တွေရဲ့ passive IFF စနစ်တွေကိုအခြားနိုင်ငံများကလည်း အတုယူဆောင်ရွက်လာပါတယ်။

Active IFF စနစ်များ
Active IFF စနစ်ဆိုတာကတော့ မြေပြင်ကနေပြီး ပစ်မှတ်ဆီကို အမေး Signal တွေ ထုတ်လွှတ်ပေးပါတယ်။ ပစ်မှတ်လေယာဉ်ကလည်း တုံ့ပြန်တဲ့ Signal တွေကိုပြန်လည်ထုတ်လွှတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုခွဲခြားမှုစနစ်ဟာ ခေတ်ပေါ် IFF စနစ်တွေရဲ့ ပုံစံအတိုင်းပဲ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက ဗြိတိန်ရဲ့ Royal Air Force ကလေယာဉ်တွေမှာ IFF စနစ်တွေကို ပထမဆုံးတပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ ၄င်းဟာ ၁၈ လက်မပတ်လည်ရှိတဲ့ သေတ္တာအိမ်တစ်ခုဖြစ်ပြီး လေယာဉ်မောင်းသူရဲ့နောက်မှာ တပ်ဆင်ထားပါတယ်။ ရေဒါမှ အမေး Signal တွေလက်ခံရရှိတဲ့ အခါမှာ ၄င်းမှ တုံ့ပြန် Signal တွေကို ရေဒါဆီသို့ပြန်လည် ထုတ်လွှတ်ပေးခြင်းဖြင့်ရန်သူမိတ်ဆွေခွဲခြားမှုပြုလုပ်ပါတယ်။
အဲ့ဒီအချိန်မှာ IFF ကိုစတင်အသုံးပြုလာပေမဲ့ လေယာဉ်မောင်းသူတွေဟာ မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ IFF ကိုဖွင့်ထားခြင်းမရှိတဲ့အတွက် မိမိလေယာဉ်ချင်းမှားယွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာတော့ ပစ်ခတ်မှုထိန်းသိမ်းရေးရေဒါတွေကို သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ဝေဟင်နဲ့ မြေပြင်ပစ်မှတ်တွေကို မတွေ့မမြင်နိုင်လောက်တဲ့ အကွာအဝေးကနေ ပစ်ခတ်တိုက်ခိုက်လာနိုင်ပါတယ်။ ဒီအချိန်မှာ မိမိရေဒါက ဖမ်းယူရရှိတဲ့ ပစ်မှတ်ဟာ ရန်သူလား မိတ်ဆွေလားဆိုတာခွဲခြားသိမြင်ဖို့ အရေးကြီးလာပါတယ်။ ဒါကြောင့် IFF ရဲ့အသုံးဝင်မှုနဲ့ အရေးပါမှုတွေကိုလည်း ပိုမိုသိမြင်လာကြပါတယ်။

William Paul
05-02-2009, 10:06 AM
အမေရိကန် IFF စနစ်များ
IFF စနစ်တွေရဲ့ ဖွံဖြိုးတိုးတက်မှုမှာ အမေရိကန်နဲ့ ဗြိတိန်တို့ကအဓိကပါဝင်ကြပါတယ်။ IFF စနစ်တွေကို Western Type နဲ့ Eastern Type ဆိုပြီး ခွဲခြားတာကြားဖူးပေမဲ့ ဘယ်ဟာက ဘာကိုဆိုလိုမှန်း ကျွန်တော်သေချာမသိပါဘူး။ သိတဲ့ လူများရှိရင် ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ပထမဆုံး အမေရိကန် IFF စနစ်ကို ၁၉၃၇ မှာ Naval Research Laboratory (NRL) ကနေထုတ်လုပ်ပြီး Model XAE ဖြစ်ပါတယ်။ 500 MHz frequency ကိုအသုံးပြုပြီး သင်္ဘောတင် ရန်သူမိတ်ဆွေခွဲခြားမှုစနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို ၁၉၃၈ ခုနှစ်မှာ စမ်းသပ်ပြီး ၁၉၃၉ ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်။
အဲ့ဒီနောက်မှာပေါ်ထွက်လာတာကတော့ CXAMM IFF စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ဟာ ဗြိတိသျှ Mk II စနစ်နဲ့တူပါတယ်။ ရေဒါကိုယ်တိုင်က Interrogator အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ Interrogator နဲ့ Transponder တို့ဟာ ရေဒါရဲ့ frequency ကိုပဲ IFF frequency အနေနဲ့ အသုံးပြုပါတယ်။ အမေရိကန်တွေဟာ ၄င်းတို့ရဲ့ IFF စနစ်တွေကို နောက်ပိုင်းမှာ Mk Series အနေနဲ့ပဲဆက်လက်ထုတ်လုပ်သွားပါတယ်။ ကဲ…Mk Series တွေကို ဆက်လက်လေ့လာကြပါစို့။

Mk Series

(၁) Mk I
Mk I ကို ၁၉၄၀ မှာ ဗြိတိန်မှာ Watson-Watt ကစတင်မိတ်ဆက်လာပါတယ်။ ၄င်းမှာ Pulse Transponder ကိုစတင်အသုံးပြုလာပါတယ်။ ရေဒါက မေးမြန်းမှုပြုလုပ်တဲ့ အခါမှာ အထူးပြုလုပ်ထားတဲ့ Pulse Repetition Frequency (PRF) ကိုအသုံးပြုပါတယ်။ အားနည်းချက်က လေယာဉ်တစ်စီးနဲ့တစ်စီး နီးကပ်နေတဲ့အခါမှာ ခွဲခြားမှု မပြုလုပ်နိုင်တော့တာပါပဲ။
(၂) Mk II
Mk II ကိုလည်း ဗြိတိသျှရဲ့ Watson-Watt ကပဲ ထုတ်လုပ်ပါတယ်။ အမေရိကန်ရဲ့ CXAMM နဲ့တူပါတယ်။ Interrogator နဲ့ Transponder တို့ဟာ ရေဒါရဲ့ frequency ကိုပဲ IFF frequency အနေနဲ့ အသုံးပြုတဲ့ အတွက် ကွဲပြားခြားနားတဲ့ ရေဒါများကို တွဲဖက်အသုံးပြုတဲ့ အခါမှ အဆင်မပြေပါဘူး။
(၃) Mk III
Mk III ဟာ ခေတ်ပေါ် IFF စနစ်တွေရဲ့ အသွင်သဏ္ဍာန်အတိုင်း Watson-Watt ကတီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ၄င်းစနစ်ကို ဒုတိယကမ္ဘာစစ်ရဲ့ အဓိက IFF စနစ်အနေနဲ့ အသုံးပြုတဲ့ အပြင် စစ်ပြီးချိန်မှာလည်း အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ တစ်ခါတစ်ရံ အသုံးပြုခဲ့ပါသေးတယ်။ ဆိုဗီယက်ယူနီယံရဲ့ လေကြောင်းတွေမှာလည်း ကျယ်ပြန့်စွာအသုံးပြုခဲ့ပါတယ်။ Mk III မှာ မေးမြန်းခြင်းနဲ့ တုံ့ပြန်ဖြေဆိုခြင်းတို့ကို ခွဲခြားလုပ်ဆောင် လာပါတယ်။ frequency အနေနဲ့ A-band (165 to 185 MHz or 157 to 187 MHz) ကိုအသုံးပြုပြီး ပစ်မှတ်ရဲ့ အကွာအဝေးနဲ့ ညွှန်းရပ်တို့ကိုပါရှာဖွေပေးနိုင်ပါတယ်။ မေးမြန်းမှုပြုလုပ်ဖို့နဲ့ တုံ့ပြန်ဖြေဆိုမှုတွေကို ပြန်လည်ဖမ်းယူဖို့ Interrogator-responsor ကိုအသုံးပြုပြီး ရေဒါအင်တင်နာမှာပဲ တွဲဘက်တပ်ဆင်ထားပါတယ်။
(၄) Mk IV
Mk IV ကို အမေရိကန်ရဲ့ NRL ကဒီဇိုင်းပြုလုပ်ပြီး အမေးနဲ့ အဖြေအတွက် 470 ကနေ 493.5 MHz ရှိတဲ့ frequencyကိုအသုံးပြုပါတယ်။ မြင့်မားတဲ့ frequency ကိုအသုံးပြုတဲ့ အတွက် မြင့်မားတဲ့ လမ်းညွှန်နိုင်မှုရှိပြီး beam width အနေနဲ့ ၇ ကနေ ၁၀ ဒီဂရီအထိ ရှိပါတယ်။ ၄င်းကို ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ပစိဖိတ်စစ်မြေပြင်မှာ အနည်းငယ်သာ အသုံးပြုခဲ့ကြပါတယ်။ ဥရောပမှာတော့ အသုံးမပြုသလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီစနစ်ရဲ့ frequency ဟာ ဂျာမန် Wurzberg ရေဒါတွေရဲ့ frequency (550 MHz) နဲ့ နီးစပ်နေလို့ပါပဲ။ ဂျာမန်ရေဒါတွေဟာ Mk IV လေယာဉ်တွေရဲ့ IFF Pulse တွေကိုဖမ်းယူပြီး နှောင့်ယှက်ဟန့်တားမှုတွေ ပြုလုပ်နိုင်ပါတယ်။
(၅) Mk V
Mk V ကို UNB (United Nations Beaconry) လို့လည်းခေါ်ပါတယ်။ ၄င်းစနစ်မှာတော့ transmitting နဲ့ receiving frequencies တွေကိုစတင်ခွဲခြားပြီး အသုံးပြုလာပြီ ဖြစ်ပါတယ်။ အသုံးပြုတဲ့ frequency ဟာ 950 ကနေ 1150 MHz အတွင်း ဖြစ်ပြီး ဒီလိုမြင့်မားတဲ့ frequency ကို အသုံးပြုတဲ့ အတွက် ရေဒါရဲ့ ပစ်မှတ်ရှာဖွေမှု စွမ်းရည်လည်း ပိုမိုမြင့်မားလာပါတယ်။ ကြားဖြတ်နှောင့်ယှက်မှုကို ကာကွယ်ဖို့အတွက် channels ၁၂ခု ထားရှိပြီး ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ပထမဆုံး Mk V ဟာ ၁၉၄၄ ဩဂုတ်လအတွင်းမှာ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ၁၉၄၇-၄၈ အထိပြီးပြည့်စုံတဲ့ စနစ်တစ်ခုမဖြစ်လာသေးပါဘူး။
(၆) Mk VI
Mk VI ကတော့ Mk V ကို ပိုမိုရိုးရှင်းလွယ်ကူစေရန်နဲ့ မြန်နှုန်းမြင့်ပစ်မှတ်များကို ဖမ်းယူခွဲခြားမှုပြုလုပ်နိုင်စေရန် ပြန်လည်ဒီဇိုင်းပြု ထုတ်လုပ်ထားတာဖြစ်ပါတယ်။
(၇) Mk X
Mk V ကနေ Mk X အထိ IFF စနစ်များဖွံဖြိုးတိုးတက်လာမှုကို အမေရိကန်နိုင်ငံက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးကတော့ Mk V (အမှတ်စဉ်-၅) ကနေ Mk X (အမှတ်စဉ်-၁၀) အထိခုန်ကျော်ပြီးထွက်ပေါ်လာဖို့ မဟုတ်ပါဘူး။ စမ်းသပ်နေဆဲစနစ်တစ်ခု အနေနဲ့ X သင်္ကေတကို အသုံးပြုရာမှ တကယ့်ထုတ်ကုန်ထွက်ပေါ်လာတဲ့ အခါမှာလည်း ဒီသင်္ကေတကိုပဲ ဆက်လက်အသုံးပြုပြီး Mk X အဖြစ်သတ်မှတ်သုံးစွဲလာကြတာဖြစ်ပါတယ်။ ၁၉၅၂ ဇူလိုင်လမှာ Mk X စနစ်ကို အမေရိကန်ရေတပ်ရဲ့ တဝက်ကျော်ကျော်မှာ စတင်တပ်ဆင်အသုံးပြု လာခဲ့ပါတယ်။ Mk X စနစ်မှာ transmission အတွက် 1030 MHz frequency ကိုအသုံးပြုပြီး reply အတွက် 1090 MHz frequency ကိုအသုံးပြုပါတယ်။ IFF antenna ကို radar antenna နဲ့အတူတပ်ဆင်ထားပြီး ရေဒါလည်ပတ်တဲ့ အတိုင်း လိုက်လံလည်ပတ်ပြီး အမေး Signal များကိုထုတ်လွှတ်ပေးပါတယ်။ ဒါပေမဲ့ Mk X စနစ်ဟာလည်း ချို့ယွင်းချက်များရှိနေပါသေးတယ်။ အမေး pulse တွေဟာ ဝှက်စာထည့်သွင်းထားခြင်းမရှိတဲ့ အတွက် လုံခြုံမှု အဆင့်အတန်းဟာ စိတ်ချရတဲ့ အဆင့်မှာမရှိပါဘူး။ အကယ်၍ရန်သူ့ဘက်ကလည်း Mk X interrogation pulse တွေကိုအသုံးပြုပြီး တုံ့ပြန်မှုပြုလာရင် မိမိစနစ်ကခွဲခြားမှုမပြုလုပ်နိုင်တဲ့ အပြင် ရေဒါလှိုင်းစီးဒုံးများနဲ့ ပစ်ခတ်ချေမှုန်းခြင်းကိုလည်းခံရမှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေကြောင့် Mk XII စနစ်ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။
(၈) Mk XII
Mk XII စနစ်ဟာ အမေရိကန်မှာ ၁၉၅၆ ခုနှစ်မှာပေါ်ထွက်လာပြီး ယခုလက်ရှိအသုံးပြုနေတဲ့ စနစ်ဖြစ်ပါတယ်။ ၄င်းဟာစိတ်ချလုံခြုံမှုရှိတဲ့ စနစ်တစ်ခုဖြစ်ပြီး ရန်သူတွေအနေနဲ့ ဒီစနစ်အကြောင်း ကောင်းစွာသိရှိတာတောင်မှ မှန်ကန်တဲ့ ကုဒ်ကိုထည့်သွင်းခြင်းမပြုနိုင်ရင် အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
(၉) Mk XV
Mk XV ၁၉၈၀ နှစ်လယ်ခန့်က အမေရိကန်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လှိုင်းထုတ်လွှင့်မှု ပုံသဏ္ဍာန်တွေကို သုတေသနပြုလုပ်ရာမှ ဖွံဖြိုးတိုးတက်လာတာဖြစ်ပါတယ်။ ဥရောပမှာလည်း NATO အဖွဲ့ဝင်နိုင်ငံတွေက ၄င်းစနစ်နဲ့ အလားတူ စနစ်မျိုးဖြစ်တဲ့ NIS (NATO Identification System) ကို ဖော်ထုတ်လာကြပါတယ်။ ဒါပေမဲ့ ၄င်းစနစ်ရဲ့ ငွေကုန်ကြေးကျများမဲ့ အလားအလာကြောင့် တိုးတက်မှုရပ်ဆိုင်းပြီး ပျောက်ကွယ်သွားရပါတယ်။
(၁၀) Mk XII A
Mode S ကဲ့သို့သော အချက်အလက်ထောက်ပံ့နိုင်မှု စွမ်းရည်ရှိတဲ့ လှိုင်းထုတ်လွှင့်မှု ပုံစံအသစ်အပေါ်စိတ်ဝင်စားမှုဟာ ရပ်တံ့သွားခြင်းမရှိသေးပါဘူး။ NATO တိုင်းပြည်တွေဟာ လှိုင်းထုတ်လွှင့်မှု ပုံစံအသစ်တစ်မျိုးကိုအသုံးပြုပြီး Mk XII A ကိုထုတ်လုပ်လာပါတယ်။ ၄င်းဟာ ကြားဖြတ်နှောင့်ယှက်မှုကို ကာကွယ်နိုင်စွမ်းမြင့်မားပါတယ်။ ၄င်းစနစ်ဟာ သင့်တော်တဲ့ ထုတ်လုပ်မှုတန်ဖိုးရှိပြီး လက်ရှိအသုံးပြုနေတဲ့ Mk X ,Mk XII တို့နဲ့ လည်း တွဲဖက်အသုံးပြုနိုင်တယ်လို့သိရပါတယ်။

William Paul
05-06-2009, 10:39 AM
အရပ်ဘက်သုံး IFF စနစ်
၁၉၆၀ ခန့်မှာ အမေရိကန် အရပ်ဘက် လေကြောင်းထိန်းသိမ်းရေးတွေမှာ လေယာဉ်များပြားမှုကြောင့် ထိန်းသိမ်းရခက်ခဲတဲ့ပြဿနာနဲ့ ကြုံတွေ့လာရပါတယ်။ ရေဒါ screen တွေပေါ်မှာ လေယာဉ်တွေဆီကပြန်လာတဲ့ များပြားလှတဲ့ အစက်အပြောက်တွေနဲ့ ရှုပ်ထွေးနေပြီး ဘယ်လေယာဉ်က ဘယ်အစက်ဆိုတာ မခွဲခြားနိုင်လောက်အောင် ဖြစ်လာရပါတယ်။ များပြားလှတဲ့ လေယာဉ်ပျံသန်းမှုတွေအတွက် primary radar တွေကနေပြီး အမြင့်တွေကိုခွဲခြားတိုင်းတာပေးဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ ဒါကြောင့် အရပ်ဘက်လေကြောင်းထိန်းသိမ်းရေးဌာနတွေမှာလည်း စစ်ဘက်သုံး IFF စနစ်နဲ့ အလားသဏ္ဍာန်တူတဲ့ စနစ်မျိုးကို စတင်အသုံးပြုလာကြပါတယ်။ အရပ်ဘက်သုံးစနစ်မှာတော့ ဝင်ရောက်လာသမျှ လေယာဉ်တွေအားလုံးကို မိတ်ဆွေလေယာဉ်တွေလို့ပဲ ယူဆပြီးခွဲခြား တိုင်းတာမှုတွေပြုလုပ်တဲ့အတွက် ၄င်းကို Air Traffic Control Radar Beacon System လို့လည်းခေါ်ပါတယ်။
IFF စနစ်တွေနဲ့ပတ်သက်လို့ နောက်ပိုင်းမှာ Interrogator, Transponder တွေအကြောင်းကို အချိန်ရရင်ရသလို ဆက်လက်ဆွေးနွေးသွားပါ့မယ်။

William Paul
05-15-2009, 02:13 PM
IFF စနစ်တစ်ခုမှာ အဓိကအားဖြင့် Interrogator နဲ့ Transponder တို့ပါဝင်ပါတယ်။ Interrogator ကတော့ မြေပြင်မှာ secondary radar အဖြစ်တပ်ဆင်ထားတဲ့ အမေးစက်ဖြစ်ပြီး Transponder ကတော့ လေယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်နဲ့ အခြားရွေ့လျားသွားလာနေတဲ့ အမေးမြန်းခံအရာဝတ္ထုတွေမှာ တပ်ဆင်ထားတဲ့ အဖြေစက်ဖြစ်ပါတယ်။ အောက်ပါပုံကတော့ Interrogator နဲ့ Transponder တို့ရဲ့ ယေဘူယျလုပ်ဆောင်ပုံကို ဖော်ပြထားတာဖြစ်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/Untitled1.jpg

Interrogator
Interrogator ဆိုတာ Secondary Surveillance Radar (SSR) ရဲ့ ထုတ်လွှင့်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၄င်းဟာ ထုတ်လွှင့်မှုနဲ့ ဖမ်းယူမှုတို့ကိုလုပ်ဆောင်ပေးနိုင်တဲ့ စနစ်မျိုးဖြစ်တဲ့ အတွက် Interrogator-responser လို့ခေါ်ပြီး Interrogator လို့ပဲလူသိများပါတယ်။ Interrogation ပြုလုပ်မှု singanl ပုံစံကို အောက်ပါပုံမှာဖော်ပြထားပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/Interrogationsignalformat.jpg

Pulse P1 နဲ့ P3 တို့ကို Interrogating beam မှထုတ်လွှတ်ပြီး Pulse P2 ကိုတော့ Control beam ကနေထုတ်လွှတ်ပါတယ်။ P1 နဲ့ P3 ကြားက အချိန်အပိုင်းအခြားဟာ Transponder ကိုမေးမြန်းလိုက်တဲ့ အချက်အလက်အမျိုးအစားပေါ်မူတည်ပြီး P1 နဲ့ P2 တို့ရဲ့ amplitude ချင်း နှိုင်းယှဉ်ချက်အရ Transponder ကနေပြီး sidelobe interrogation တွေကိုထိန်းချုပ်တားမြစ်နိုင်ပါတယ်။
လေကြောင်းဆိုင်ရာ SSR စနစ်တွေရဲ့ အခြေခံ Interrogation modes တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Modes 1 to 3။ စစ်ဘက်ဆိုင်ရာ ရန်သူမိတ်ဆွေခွဲခြားမှုများနဲ့ သက်ဆိုင်တဲ့ နည်းလမ်းများဖြစ်ပါတယ်။
Mode 4။ ဝှက်စာသွင်းထားတဲ့ အမေးနဲ့ အဖြေစနစ်တွေကိုအသုံးပြုထားပြီး အခြားနည်းလမ်းများနဲ့ ကွဲပြားခြားနားတဲ့ စစ်ဘက်ဆိုင်ရာ ရန်သူမိတ်ဆွေခွဲခြားမှု နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
Mode A။ စစ်ဘက်နှင့် အရပ်ဘက်နှစ်မျိုးလုံးတွင်အသုံးပြုသောနည်းလမ်းဖြစ်ပါတယ်။
Mode B။ ရှေးယခင်က ဒုတိယခွဲခြားမှုနည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ပြီး ယခုအခါမှာတော့ အသုံးပြုခြင်းမရှိတော့ပါဘူး။
Mode C။ လေယာဉ်ပျံသန်းမှု အမြင့်ကိုဖော်ပြတဲ့ နည်းလမ်းဖြစ်ပါတယ်။
Mode D။ နောင်အနာဂတ်မှာ အသုံးပြုလာနိုင်တဲ့ အရန်နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
Mode S။ အဆင့်မြင့် ခွဲခြားမှုနည်းလမ်းဖြစ်ပါတယ်။ မေးမြန်းလိုက်တဲ့လေယာဉ်ကိုခွဲခြားမှု ပြုလုပ်ရာမှာ 24 bit address ပါဝင်ပြီး ၄င်းမှတုံ့ပြန်ဖြေဆိုလာတဲ့ အခါမှာလေယာဉ်ရဲ့ အခြားထပ်ဆောင်း အချက်အလက်များ ကိုပါရယူနိုင်ပါတယ်။
Interrogation modes တွေရဲ့ အဓိကအချက်အလက်များကို အောက်ပါဇယားမှာလေ့လာနိုင်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/Interrogatormodes.jpg

ဗြိတိသျှ IFF စနစ်မှာတော့ Interrogator တွေကို 240 series အနေနဲ့ သတ်မှတ်သုံးစွဲပြီး Transponder တွေကတော့ 250 series ဖြစ်ပါတယ်။ 242 IFF series တွေကို သင်္ဘောတွေမှာတပ်ဆင် အသုံးပြုပြီး A band ကိုအသုံးပြုတဲ့ Type 291 နဲ့ Type 275 ရေဒါတွေနဲ့ တွဲဘက်အသုံးပြုပါတယ်။ ၄င်းဟာ Mark III IFF စနစ်ဖြစ်ပါတယ်။ ၄င်း Interrogator တွေဟာ freqency 165 to 185 MHz band ဒါမှမဟုတ် 179 to 182 MHz (1.8 to 1.6 metres ) ပတ်ဝန်းကျင်မှာအသုံးပြုပြီး 1 kW output ရှိပါတယ်။ အောက်ပါပုံကတော့ 242 IFF Interrogator ဖြစ်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/242interrogator.jpg

အောက်ပါပုံကတော့ နယ်သာလန်နိုင်ငံကထုတ်လုပ်တဲ့ RT-194/UPX-1 Interrogator ဖြစ်ပါတယ်။ UPX series တွေကို ဒတ်ခ်ျ ရေတပ်ရဲ့ ဖျက်သင်္ဘောတွေနဲ့ ဖရီးဂိတ်သင်္ဘောတွေမှာ 1950 ကနေ 1970 ခန့်အတွင်း တပ်ဆင်အသုံးပြုခဲ့ပါတယ်။ UPX-1 ဟာ Mk X IFF Interrogator အမျိုးအစားဖြစ်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/194UPX-1.jpg

အောက်ပါပုံကတော့ UPX-1 မှာ အသုံးပြုတဲ့ KY-61/UPX-1 Coder-Decoder ဖြစ်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/KY-61UPX-1.jpg

William Paul
05-24-2009, 01:10 PM
Transponder
Transponder ကို Transmitter-responder လို့လည်းခေါ်ပြီး အတိုကောက် အားဖြင့် XPDR, XPNDR နဲ့ TPDR စသဖြင့်ရေးသားခေါ်ဝေါ်ကြပါတယ်။ Transponder တွေကို ဂြိုလ်တုဆက်သွယ်ရေး၊ လေကြောင်းပျံသန်းမှု၊ ရေကြောင်း သွားလာရေး၊ လမ်းမများရှိယာဉ်သွားလာမှုထိန်းသိမ်းရေးစနစ်များ၊ မော်တော်ကားပြိုင်ပွဲများနဲ့ ရေအောက်သွားလာမှုများ တို့မှာ အသုံးပြုကြပါတယ်။ Transponder တွေဟာ Interrogator ကနေထုတ်လွှတ်လာတဲ့ အမျိုးမျိုးသော frequency တွေကို လက်ခံဖမ်းယူခြင်း၊ amplify လုပ်ခြင်းနဲ့ ပြန်လည်ထုတ်လွှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးတဲ့ ကိရိယာဖြစ်ပါတယ်။ ၄င်းဟာ ကြိုတင်သတ်မှတ်ထားတဲ့ signal ကိုရရှိတဲ့အခါမှာ ကြိုတင်သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ အချက်အလက်ကို အလိုအလျောက်ပြန်လည်ထုတ်လွှတ်ပေးပါတယ်။ Transponder တစ်ခုရဲ့ အလုပ်လုပ်ပုံကို အောက်ပါပုံမှာလေ့လာနိုင်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/Transponder.jpg

Secondary Surveillance Radar (SSR) ကနေလာတဲ့ Interrogation signal တွေကို Transponder ရဲ့ အင်တင်နာကနေ ဖမ်းယူရရှိပါတယ်။ ၄င်း signal တွေအနက် သတ်မှတ်ထားတဲ့ band အတွင်းရှိသော frequency ကို filter ကရွေးချယ်ပေးပါတယ်။ ၄င်းနောက် receiver ကိုပေးပို့ပါတယ်။ receiver ကထွက်လာတဲ့ signal တွေကို decoder ကိုပေးပို့ပြီး decode လုပ်ပါတယ်။ ထို့နောက် တုံ့ပြန်ဖြေကြားချက်ကို code အဖြစ်ရေးသွင်းပါတယ်။ ၄င်းနောက် transmitter modulator ကိုဖြတ်ပြီး အင်တင်နာက ထုတ်လွှင့်ပါတယ်။ အောက်ပါဇယားကတော့ Transponder တွေရဲ့အချက်အလက် အကျဉ်း ဖြစ်ပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/TransponderParameters.jpg

အောက်ပါပုံကတော့ ဗြိတိသျှထုတ် 250 Transponder series ထဲက Type 253P သင်္ဘောတင် Transponder အမျိုးအစားပဲဖြစ်ပါတယ်။ 253Q ဟာလည်း 253P နဲ့ အလားသဏ္ဍာန်တူပါတယ်။ ၄င်းကို Mark III IFF စနစ်မှာအသုံးပြုပြီး အသုံးပြုချိန်မှာ ဒီ Type 253P/Q အမျိုးအစား Transponder ဟာ သာမန်သင်္ဘောအချင်းချင်း အပြန်အလှန် မေးမြန်းခွဲခြားမှုအမျိုးမျိုးကို တုံ့ပြန် ဖြေကြားပေးနိုင်ပါတယ်။ အသုံးပြုတဲ့ frequency ကတော့ 157 to 187 MHz band ဖြစ်ပေမဲ့ သင်္ဘောအချင်းချင်း မေးမြန်းခွဲခြားမှုစနစ်မှာတော့ 182 MHz ကို အသုံးပြုပါတယ်။ သာမန်အားဖြင့် 10 Watts output power ရှိပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/253transponder.jpg

Type 253P သင်္ဘောတင် Transponder


http://www.myanmarengineer.org/mefuploader/uploaded_files/KY-200UPX-12.jpg

AN/UPX-12 Transponder ၏ KY-200/UPX-12 Decoder

William Paul
12-06-2009, 06:35 PM
အရှေ့တိုင်း IFF စနစ် (Eastern IFF System)

ကျွန်တော်ရှေ့မှာဆွေးနွေးခဲ့သမျှတွေဟာ အနောက်တိုင်း IFF စနစ် (Western IFF System) တွေရဲ့ လုပ်ဆောင်ပုံ၊ ယေဘူယျသဘောတရားနဲ့ ပါဝင်သောပစ္စည်းများ စတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ အခုဆက်လက်ပြီး အရှေ့တိုင်း ရန်သူမိတ်ဆွေခွဲခြားမှု စနစ်များအကြောင်းကို ဆက်လက်ဆွေးနွေးဖော်ပြသွားမှာဖြစ်ပါတယ်။ ဒီစနစ်မှာလည်း မြေပြင်မှာရှိတဲ့အမေးစက် (Ground Radar Interrogator) နဲ့ လေယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ အဖြေစက် (Plane Radar Transponder) တို့ရဲ့ အပြန်အလှန် မေးမြန်းဖြေဆိုမှုအပေါ်မှာ အခြေခံပါတယ်။ မြေပြင်အမေးစက်မှ မေးမြန်းခြင်း၊ မေးမြန်းမှုပြုလုပ်တဲ့ Signal ကို လေယာဉ်ပေါ်ရှိ အဖြေစက်မှဖမ်းယူ၍ Decoding ပြုလုပ်ပြီး သက်ဆိုင်ရာ အမေး Signal အလိုက် အဖြေ Signal များပြန်လည်ပေးပို့ခြင်း၊ အဖြေစက်မှပြန်လည်ပေးပို့လာသော Signal ကို အမေးစက်မှခွဲခြားစီစစ်ပြီး ရန်သူမိတ်ဆွေ သတ်မှတ်ခြင်း စတဲ့ လုပ်ဆောင်သောစနစ်များမှာ အနောက်တိုင်းစနစ်များနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Wave Band နှင့် Mode များ
အရှေ့တိုင်း IFF စနစ်နဲ့ အနောက်တိုင်း IFF စနစ်တို့၏ အဓိက ကွာခြားချက်မှာ အရှေ့တိုင်းစနစ်များမှာ Wave band နဲ့ Mode များကိုတွဲဖက် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ အမေးစက်မှာ်အသုံးပြုတဲ့ Wave band နှစ်မျိုးရှိပြီး ၎င်းတို့မှာ III band နဲ့ VII band တို့ဖြစ်ပါတယ်။ အဖြေစက်မှလည်း မေးမြန်းလာတဲ့ Wave band အတိုင်းပြန်လည်တုံ့ပြန် ဖြေဆိုပေးပါတယ်။ Mode များကတော့ အောက်မှာဖော်ပြထားပါတယ်။

-Mode I
မြေပြင်ရေဒါအမေးစက်မှ ဖမ်းယူနိုင်တဲ့ အကွာအဝေးအတွင်းမှာရှိတဲ့ အရာဝတ္ထု အားလုံးကို တားဆီးပိုင်းခြားမှုမရှိဘဲ ခွဲခြားမှုပြုလုပ်ပေးတဲ့ ယေဘူယျခွဲခြားမှုနည်းစနစ် ဖြစ်ပါတယ်။ ၎င်းကို Wave band III နဲ့ VII နှစ်မျိုးစလုံးမှာ် အသုံးပြုနိုင်ပြီး ဝေဟင်နှင့် ရေပြင်ပစ်မှတ်များကို ခွဲခြားမှုပြုလုပ်ပေးနိုင်ပါတယ်။

-Mode II
မြေပြင်ရေဒါအမေးစက်မှ ဖမ်းယူနိုင်တဲ့ အကွာအဝေးအတွင်းမှာရှိတဲ့ အရာဝတ္ထု အားလုံးကို တားဆီးပိုင်းခြားပြီး ခွဲခြားမှုပြုလုပ်ပေးတဲ့ ယေဘူယျခွဲခြားမှုနည်းစနစ်ဖြစ်ပါတယ်။ ၎င်းဟာ အဓိက Mode ဖြစ်ပြီး မိတ်ဆွေအမှတ်အသားသင်္ကေတနဲ့ ဖော်ပြပေးနိုင်ကာ Wave band VII နဲ့သာတွဲဘက်အသုံးပြုနိုင်ပါတယ်။ ဝေဟင်နဲ့ ရေပြင်ပစ်မှတ်များကို ခွဲခြားမှု ပြုလုပ်ရန်ဖြစ်ပြီး 6110 ကိရိယာရှိမှသာ အသုံးပြုနိုင်ပါတယ်။

-Mode III
၎င်း Mode ဟာ ခွဲခြားသတ်မှတ်ပြီးတဲ့ ပစ်မှတ်များထဲက ကြိုတင်ရွေးချယ် သတ်မှတ်ထားတဲ့ ပစ်မှတ်ရဲ့တည်နေရာကို မေးမြန်းမှု ပြုလုပ်ခြင်းအပေါ်မှာ အခြေခံတဲ့ သီးခြားခွဲခြားမှု နည်းလမ်းဖြစ်ပါတယ်။ အမေးစက်နှင့် အဖြေစက်တို့ကြား အပြန်အလှန် မေးမြန်းဖြေဆိုမှုပြီးတဲ့အခါ IFF စနစ်နဲ့ ချိတ်ဆက်ထားတဲ့ ရေဒါပုံဖော်ဒိုင်ခွက်မှာ Mode I နဲ့ ခွဲခြားထားကြောင်းပြသတဲ့ သင်္ကေတအမှတ်အသားပေါ်မှာပဲ ထပ်ပေါင်း သင်္ကေတ အမှတ်အသားအနေနဲ့ ပြသပေးပါတယ်။ Band III နဲ့ပဲ တွဲဘက်အသုံးပြုနိုင်ပြီး ဝေဟင်ပစ်မှတ်များကိုသာ ခွဲခြားမှုပြုလုပ်ပေးပါတယ်။

-Mode IV
ဒီ Mode ကတော့ ပစ်မှတ်အမျိုးအစား၊ ပစ်မှတ်တည်နေရာတို့အပေါ်မှာ အခြေခံပြီးဖော်ပြပေးတဲ့ ခွဲခြားမှုနည်းလမ်းဖြစ်ပါတယ်။ ပစ်မှတ်အမျိုးအစားကို လေယာဉ် နံပတ်များပေါ်မှာ အခြေခံပြီးခွဲခြားမှုပြုလုပ်ပါတယ်။ အမေးစက်မှာရှိတဲ့ သီးခြားခွဲခြားမှု ကိရိယာတွေကနှေ လက်ခံရရှိတဲ့ တုံ့ပြန် Signal များကို Decoding ပြုလုပ်ပြီး Decimal ဂဏာန်းများအဖြစ်ဖော်ပြပေးတာဖြစ်ပါတယ်။ Band VII နဲ့သာ တွဲဘက်အသုံးပြုနိုင်ပြီး ဝေဟင်ပစ်မှတ်များကိုခွဲခြားမှု ပြုလုပ်ပေးပါတယ်။

-Mode IV+VI
ဒီ Mode က လေယာဉ်နံပတ်တွေကို ဖော်ပြခွဲခြားပေးနိုင်တဲ့အပြင် လေယာဉ် ပျံသန်းနေတဲ့အမြင့်၊ လေယာဉ်မှာရှိနေတဲ့လောင်စာဆီပမာဏနဲ့ အရေးပေါ်အခြေအနေပြ Signal များ စတဲ့ ပျံသန်းမှုအချက်အလက်များကိုလည်း လက်ခံခွဲခြားပေးနိုင်ပါတယ်။ အထက်ပါခွဲခြားမှုများကို သီးခြားခွဲခြားမှု ကိရိယာတပ်ဆင်ထားတဲ့ အမေးစက်များမှာသာ ပြုလုပ်နိုင်ပါတယ်။ Band VII နဲ့သာတွဲဘက်အသုံးပြုပြီး ဝေဟင်ပစ်မှတ်ခွဲခြားမှု အတွက်သာဖြစ်ပါတယ်။

အရှေ့တိုင်း IFF စနစ်မှာရှိတဲ့ အမေးစက် (GRI) နဲ့ အဖြေစက် (PRT) တို့ရဲ့ ယေဘူယျအလုပ်လုပ်ပုံကို အောက်ပါပုံတွေမှာ လေ့လာနိုင်ပါတယ်။ feeder ကတော့ ကြိမ်နှုန်းမြင့်လှိုင်းထုတ်လွှင့်နိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ Decoder နဲ့ Enconder တို့မှာ III band နဲ့ VII band signal တို့ကို coding / decoding ပြုလုပ်ပေးပြီး ပစ်မှတ်ကို ရန်သူမိတ်ဆွေခွဲခြားပေးခြင်းနဲ့ အခြားခွဲခြားမှုတွေကိုပြုလုပ်ပေးပါတယ်။ မြေပြင်အမေးစက်မှာ ရှိတဲ့ Transmitter မှာ 6110 ကိရိယာပါရှိပြီး ၎င်းကိရိယာကတော့ အသုံးပြုတဲ့ Mode နဲ့ Band တို့အပေါ်မူတည်ပြီး လိုအပ်တဲ့ Control Signal များကို Transmitter သို့ပေးပို့ရန်ဖြစ်ပါတယ်။


http://img190.imageshack.us/img190/1686/easterninterrogator.jpg

အရှေ့တိုင်း IFF စနစ်၏ မြေပြင်အမေးစက် (Ground Radar Interrogator/GRI)


http://img6.imageshack.us/img6/3341/easterntransponder.jpg

အရှေ့တိုင်း IFF စနစ်၏ အဖြေစက် (Plane Radar Transponder/PRT)

William Paul
12-10-2009, 02:06 PM
ပေါင်းစပ်စုဖွဲ့ထားသော IFF စနစ်

IFF စနစ်ကို လက်တွေ့အသုံးပြုရာမှာတော့ စနစ်တစ်ခထဲ၊ အခြေအနေတစ်မျိုးထဲမှာ အသုံးပြု မယ်ဆိုရင် ထိရောက်ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ အခြေအနေ၊ မြေမျက်နှာသွင်ပြင် အမျိုးမျိုးမှာ စနစ်အမျိုးမျိုးပေါင်းစပ်ပြီး ဟန်ချက်ညီညီအသုံးပြုမှသာလျှင် ထိရောက်ကောင်းမွန်တဲ့စနစ် ဖြစ်လာမှာဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ IFF စနစ်တစ်ခုမှာ မြေပြင်၊ ဝေဟင်၊ ရေပြင်တပ်ဖွဲများအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ IFF စနစ်များမှာ တူညီတဲ့ ခွဲခြားမှုစနစ်၊ တူညီတဲ့ ထုတ်လွှင့် frequency၊ တူညီတဲ့ ဖမ်းယူ frequency၊ တူညီတဲံ လုပ်ဆောင်မှုနည်းလမ်း (operation mode) နဲ့ တူညီတဲ့ဝှက်စာသွင်းမှု နည်းစနစ်များရှိရမှာဖြစ်ပါတယ်။ ပေါင်းစပ်စုဖွဲ့ထားတဲ့ IFF စနစ်တစ်ခုမှာ ယေဘူယျအားဖြင့် အောက်ပါစနစ် အစိတ်အပိုင်းများ ပါဝင်မှာဖြစ်ပါတယ်
- ဝေဟင်မှ ဝေဟင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- ဝေဟင်မှ ရေပြင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- ဝေဟင်မှ မြေပြင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- ရေပြင်မှ ရေပြင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- ရေပြင်မှ ဝေဟင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- ရေပြင်မှ မြေပြင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- မြေပြင်မှ မြေပြင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- မြေပြင်မှ ဝေဟင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- ကမ်းခြေမှ ရေပြင်သို့ မေးမြန်းခွဲခြားမှုစနစ်။
- အထုးစစ်ဆင်ရေးသုံး မေးမြန်းခွဲခြားမှုစနစ်။

IFF စနစ်များကို လိုအပ်ချက်ပေါ်မူတည်ပြီး နေရာအမျိုးမျိုးမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တပ်ဆင် အသုံးပြုကြပေမဲ့ အဓိကအားဖြင့် မြေပြင်အခြေပြု၊ ဝေဟင်အခြေပြုနဲ့ ရေပြင်အခြေပြုဆိုပြီး သုံးမျိုးပဲရှိပါတယ်။

မြေပြင်အခြေပြု IFF စနစ်များ
မြေပြင်အခြေပြု IFF စနစ်များကို ကမ်းခြေထောက်လှမ်းရေးစခန်းတွေ၊ အမြောက်ပစ်ခတ်ရေး မြေပြင်စခန်းများ၊ ယာဉ်တင်လှုပ်ရှားစခန်းများနဲ့ စစ်သည်တစ်ဦးချင်းအသုံးပြုတဲ့ လက်ကိုင်စနစ်များမှာ တပ်ဆင်အသုံးပြုလေ့ရှိပါတယ်။ မြေပြင်အခြေပြု IFF စနစ်များမှာ အောက်ပါအစိတ်အပိုင်းတွေ ပါဝင်ပါတယ်….
- မြေပြင် အမေးစက်
မြေပြင်အမေးစက် (Ground Interrogator) များကို အများအားဖြင့် ရေဒါစခန်းတွေလို အခြေချစခန်းတွေမှာရှိတဲ့ ကြီးမားတဲ့အင်တင်နာတွေနဲ့ စွမ်းအားကြီးမားပြီး တာဝေးထောက်လှမ်း နိုင်တဲ့ ရေဒါများမှာ တပ်ဆင်အသုံးပြုလေ့ ရှိပါတယ်။ ၎င်းဟာ မေးမြန်းစီစစ်မှုကိုပဲ ပြုလုပ်ပေးနိုင်ပြီး တုံ့ပြန်ဖြေဆိုမှုကိုမပြုလုပ်နိုင်ပါဘူး။ မြေပြင်မှာရှိတဲ့ primary radar နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ရေပြင်နဲ့ ဝေဟင်ပစ်မှတ်များကို ခွဲခြားစီစစ်မှု ပြုလုပ်ပေးနိုင်ပါတယ်။
- ယာဉ်တင်အမေးစက်
ရွှေ့ပြောင်းရလွယ်ကူတဲ့ ရေဒါယာဉ်တွေ၊ တင့်ကားတွေမှာ တပ်ဆင်အသုံးပြုတဲ့ IFF စနစ် ဖြစ်ပါတယ်။ ၎င်းတို့ဟာ အရွယ်အစားသေးငယ်ပြီး အလေးချိန်ပေါ့ပါးကာ တပ်ဆင်ရလည်း လွယ်က ပါတယ်။ ယာဉ်တင် primary radar များနဲ့ တွဲဘက်လုပ်ဆောင်ပြီး ရန်သူမိတ်ဆွေခွဲခြားမှု ပြုလုပ်ပေးပါတယ်။ စစ်မြေပြင်များမှာ အသုံးပြုနိုင်သည့် IFF စနစ်အမျိုးအစားဖြစ်ပါတယ်။
- လက်ကိုင်အမေးစက်
ပုခုံးထမ်းဒုံးလိုမျိုး ပေါ့ပါးတဲ့ လက်နက်စနစ်များမှာ တပ်ဆင်အသုံးပြုတဲ့ IFF စနစ်မျိုး ဖြစ်ပါတယ်။ အနိမ့်ပျံပစ်မှတ်များကိုသာ ခွဲခြားထောက်လှမ်းမှု ပြုလုပ်ပေးနိုင်ပြီး မိမိလေယာဉ်အား မှားယွင်းပစ်ခတ်မှု မဖြစ်စေရန်အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။ အရွယ်အစားသေးငယ်ပြီး အလေးချိန် ပေါ့ပါးကာ အသုံးပြုနိုင်ရန် ဘက်ထရီကို တစ်ပါတည်းတပ်ဆင်ထားလေ့ရှိပါတယ်။

William Paul
12-10-2009, 02:47 PM
ဝေဟင်အခြေပြု IFF စနစ်များ
ဝေဟင်အခြေပြု IFF စနစ်များဆိုတာ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်များမှာ တပ်ဆင် အသုံးပြုလေ့ရှိတဲ့ IFF အမျိုးအစားပဲဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ စစ်ဆင်ရေးရည်မှန်းချက်များ အတွက်လည်းကောင်း၊ တန်ဖိုးပေါ်မူတည်ပြီးတော့မှလည်းကောင်း အမျိုးမျိုးသော IFF စနစ်တွေကို ရွေးချယ်အသုံးပြုကြပါတယ်။ ဝေဟင်အခြေပြု IFF စနစ်များမှာ အောက်ပါတို့ပါဝင်ပါတယ်…
- လေယာဉ်တင် IFF အမေးစက်
ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များမှာ အသုံးပြုလေ့ရှိပြီး ရန်သူ့လေယာဉ်တွေကို မေးမြန်စီစစ်မှုကို လုပ်ဆောင်ပေးပါတယ်။ လေယာဉ်တင်အမေးစက်ကို လေယာဉ်မှာရှိတဲ့ primary radar နဲ့ ချိတ်ဆက်အသုံးပြုလေ့ရှိပါတယ်။ primary radar ကနေ ပစ်မှတ်ကို ဖမ်းယူမိတဲ့အခါမှာ အမေးစက်ကို စတင်လုပ်ဆောင်စေပြီး တုံ့ပြန်လာတဲ့ Signal ပေါ်မူတည်ပြီး ခွဲခြားမှုပြုလုပ်ပေးပါတယ်။ အမေးစက်တွေဟာ ပစ်မှတ်အားမေးမြန်းမှုကိုပဲ ပြုလုပ်ပေးနိုင်ပြီး အခြားအမေးစက်တွေက မေးမြန်းလာ တာကို ပြန်လည်ဖြေကြားခြင်း မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် ၎င်းကို မေးမြန်းမှုနဲ့ တုံ့ပြန်ဖြေဆိုမှု နှစ်မျိုးစလုံး လုပ်ဆောင်နိုင်စေဖို့ လေယာဉ်တင်အဖြေစက်နဲ့ တွဲဘက်တပ်ဆင်လေ့ရှိပါတယ်။ လေယာဉ်တင်အမေးစက်ကို အများအားဖြင့် လှုပ်ရှားတိုက်ခိုက်ရေး လေယာဉ်များမှာ primary radar များနဲ့ တွဲဘက်တပ်ဆင်လေ့ရှိပါတယ်။ ရာသီဥတုဆိုးရွားတဲ့ အချိန်များတွင် လေယာဉ် ဆင်းသက်နိုင်စေဖို့ လေယာဉ်ကွင်းမှာရှိတဲ့ အဖြေစက်နဲ့ ဆက်သွယ်မေးမြန်း၍ ပျံသန်းနိုင်စေဖို့ အတွက်လည်း ဒီလို အမေးစက် အမျိုးအစားများကို အသုံးပြုကြပါတယ်။
- လေယာဉ်တင် IFF အဖြေစက်
သမားရိုးကျ IFF စနစ်များမှာ တုံ့ပြန်ဖြေဆိုမှု ပြုလုပ်နိုင်စေရန်အတွက် လေယာဉ်များမှာ တပ်ဆင်လေ့ရှိတဲ့ အဖြေစက်ဖြစ်ပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက်လေယာဉ် နှစ်မျိုးစလုံးမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ လေယာဉ်တင် အဖြေစက်ဟာ အမေးစက်ကနေ မေးမြန်းလာမှသာ တုံ့ပြန်ဖြေဆိုနိုင်ပြီး မိမိမှမေးမြန်းခွဲခြားခြင်းမပြုလုပ်နိုင်ပါဘူး။ ၎င်းမှာ အခြားသော IFF စနစ် အစိတ်အပိုင်းများနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ရန်သူမိတ်ဆွေခွဲခြားနိုင်ရန် အထောက်အကူပြုတဲ့ စနစ် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖြေစက်တွေကို လှုပ်ရှားတိုက်ခိုက်ရေး လေယာဉ်များ မှာ တပ်ဆင်အသုံးပြုလေ့မရှိပါဘူး။
- ပေါင်းစပ်ထားသော လေယာဉ်တင် IFF အမေးစက်နှင့် အဖြေစက်
တိုက်လေယာဉ်များမှာ တပ်ဆင်လေ့ရှိတဲ့ စနစ်ဖြစ်ပြီး မေးမြန်းမှုနဲ့ တုံ့ပြန်ဖြေဆိုမှုတို့ကို လိုအပ် သလို လုပ်ဆောင်ပြီး တိုက်ပွဲဝင်နိုင်ပါတယ်။ သီးခြားစီဖြစ်တဲ့ အမေးစက်နဲ့ အဖြေစက်တို့ကို တွဲဘက် တပ်ဆင်ခြင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နေရာယူမှုနည်းပါးခြင်း၊ အလေးချိန်ပေါ့ပါးခြင်းနဲ့ ဈေးနှုန်း သက်သာခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

ရေပြင်အခြေပြု IFF စနစ်များ
ရေပြင်အခြေပြု IFF စနစ်များကို ဖျက်သင်္ဘောများ၊ frigate သင်္ဘောများ၊ ပဲ့ထိန်းဒုံးလှေများ၊ ရေငုပ်သင်္ဘောများနဲ့ ထောက်ပံ့ရေးသင်္ဘောများ စသည်တို့မှာ တပ်ဆင်အသုံးပြုကြပါတယ်။ ၎င်းမှာ အမေးစက်နဲ့ အဖြေစက်တို့ကို တွဲဘက်တပ်ဆင်ထားတဲ့စနစ်နဲ့ အဖြေစက်သီးခြားစနစ်တို့ပါဝင်ပါတယ်။
- ပေါင်းစပ်ထားသော ရေယာဉ်တင် အမေး/အဖြေစက်
၎င်းမှာ မေးမြန်းမှုနဲ့ တုံ့ပြန်ဖြေဆိုမှု စွမ်းဆောင်ရည်နှစ်မျိုးစလုံးပါဝင်ပါတယ်။ မေးမြန်းစီစစ်မှု ပြုလုပ်ရာမှာ သင်္ဘောပေါ်မှာရှိတဲ့ primary radar နဲ့ ပေါင်းစပ်လုပ်ဆောင်ပါတယ်။ primary radar မှ ပစ်မှတ်ကို ဖမ်းယူရရှိတဲ့အခါမှာ သင်္ဘောတင် IFF အမေး/အဖြေစက်မှ မေးမြန်းခွဲခြားမှုကိုပြုလုပ်ပြီး တုံ့ပြန်ဖြေဆိုလာတဲ့ အချက်အလက်တွေကို စီစစ်မှုပြုလုပ်ပြီး primary radar ဆီကို ပြန်လည် ပေးပို့ပါတယ်။ တစ်ချိန်တည်းမှာပဲ တခြား IFF စနစ်များကနေ မေးမြန်းလာတာတွေကိုလည်း တုံ့ပြန် ဖြေဆိုပေးနိုင်ပါတယ်။ ၎င်းကို လှုပ်ရှားတိုက်ခိုက်မှုပြုလုပ်နေတဲ့ ရေယာဉ်များဖြစ်တဲ့ ဖျက်သင်္ဘောများ၊ frigate သင်္ဘောများနဲ့ ပဲ့ထိန်းဒုံးလှေများ စတာတွေမှာ တပ်ဆင်အသုံးပြုလေ့ရှိပါတယ်။
- ရေယာဉ်တင် IFF အဖြေစက်
၎င်းကို ထောက်ပံ့ရေးသင်္ဘောများ ဒါမှမဟုတ် ရေငုပ်သင်္ဘောများမှာ တပ်ဆင်အသုံးပြု လေ့ရှိပါတယ်။ ၎င်းဟာအခြား IFF စနစ်များမှ မေးမြန်းလာသည်ကိုသာ တုံ့ပြန်ဖြေဆိုမှုပြုလုပ်နိုင်ပြီး မိမိမှမေးမြန်းမှုမပြုလုပ်နိုင်ပါဘူး။

William Paul
12-13-2009, 10:29 AM
IFF စနစ်၏ နည်းပညာဆိုင်ရာအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်လာမည့်အလားအလာများ

ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ IFF စနစ်များမှာ မေးမြန်းမှုနဲ့ တုံ့ပြန်ဖြေဆိုမှုတွေကိုပြုလုပ်ရာမှာ ပေါင်းစပ်စုဖွဲ့ထားတဲ့ ခွဲခြားမှုနည်းစနစ်တွေကို အသုံးချလာကြပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကလည်း ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ တိုင်းပြည်အသီးသီးရဲ့ စစ်ဘက်ဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု နဲ့အတူ တခြားကန့်သတ်ချက်တွေလည်းရှိပါသေးတယ်။ ဥပမာအနေနဲ့ ဒီနည်းလမ်းဟာ မိတ်ဆွေတပ်ဖွဲ့များ ဖြစ်ကြောင်းနဲ့ ခွဲခြားခြင်းမပြုနိုင်တဲ့ ပစ်မှတ်ဖြစ်ကြောင်းကိုသာ ဖော်ပြပေးနိုင်ပါတယ်။ ရန်သူဖြစ်ကြောင်း၊ သီးခြားသွားလာနေတဲ့ လေယာဉ်များဖြစ်ကြောင်းနဲ့ အရပ်ဘက်လေယာဉ်များ ဖြစ်ကြောင်းကိုတော့ ခွဲခြားဖော်ပြခြင်း မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် များစွာသော ခွဲခြားမှုနည်းပညာတွေကို တိုင်းပြည်အသီးသီးကနေ သုတေသနပြုလုပ်လျက်ရှိပါတယ်။ ဒီအထဲကှ အဓိကနည်းပညာတစ်ချို့ကို ဖော်ပြပေးသွားပါမယ်

- Mk XII Series IFF စနစ်များကို မွမ်းမံခြင်း
Mk XA နဲ့ MkXII Series IFF စနစ်များဟာ ဥရောပနဲ့ အမေရိကမှာရှိတဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေမှာ် လက်ရှိအသုံးပြုနေတဲ့ စနစ်တွေဖြစ်ပါတယ်။ လက်တွေ့တိုက်ပွဲတွင် အသုံးပြုရာမှာတော့ ဒီစနစ်တွေမှာ ချို့ယွင်းချက်တွေအများအပြား တွေ့ရှိနေရပါတယ်။ ၎င်းကိရိယာတွေကို အရေအတွက်အားဖြင့်လည်း မြောက်မြားစွာ တပ်ဆင်ပြီးဖြစ်နေတဲ့အတွက် အဲ့ဒီနိုင်ငံများအနေနဲ့ ၎င်းစနစ်ရဲ့စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အဓိကလုပ်ဆောင်လာကြပါတယ်။ ဒါကြောင့် အမေရိကန်ဦးဆောင်တဲ့ NATO အဖွဲ့ဝင်နိုင်ငံများဟာ Mk XII စနစ်ကို အဆင့်မြှင့်တင်မွမ်းမံမှု ပြုလုပ်လာကြပါတယ်။ ဥပမာ- Mk XIIA သုတေသနကို ပြုလုပ်လျက်ရှိပြီး Mk XII အပေါ်အခြေခံပြီး Mode 5 ထည့်သွင်းခြင်း၊ Spread Spectrum နည်းပညာနှင့် ဝှက်စာသွင်းနည်းပညာသစ်များ ထည့်သွင်းအသုံးပြုထားခြင်းတွေနဲ့ အဆင့်မြှင့်တင်ပြုလုပ်ထားပါတယ်။ ဒါကြောင့် ဒီစနစ်တွေအပေါ် နှောင့်ယှက်ခံရနိုင်မှုမှကာကွယ်နိုင်တဲ့ စွမ်းဆောင်ရည်ပိုမိုတိုးမြှင့်လာခဲ့ပါတယ်။

- Millimeter - Wave စစ်မြေပြင်သုံး IFF စနစ်များဖွံ့ဖြိုးတိုးတက်လာခြင်း
Mk XII Series IFF စနစ်များဟာ L-Band မှာ်လုပ်ဆောင်ပြီး ၎င်းဟာဆိုရင် မြေပြင်မှ ဝေဟင်၊ ဝေဟင်မှ ဝေဟင်၊ ဝေဟင်မှ မြေပြင်၊ ဝေဟင်မှ မြေပြင်စတဲ့ မျက်နှာပြင်အမျိုးမျိုးတို့အတွက် အဓိကအသုံးပြုနိုင်တဲ့ band ဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်မှာရှိတဲ့ ရှုပ်ထွေးနေတဲ့ စစ်မြေပြင် အခြေအနေပတ်ဝန်းကျင်မှာတော့ ကောင်းမွန်စွာ အသုံးမပြုနိုင်ပါဘူး။ ယခုအခါမှာ ကမ္ဘာ့နိုင်ငံ အများအပြားမှာ millimeter-wave IFF စနစ်များ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပြီး သံချပ်ကာကားများ၊ တင့်ကားများနဲ့ ရဟတ်ယာဉ်များမှာ တပ်ဆင်ထားပြီး စစ်မြေပြင်မှာရှိတဲ့ မြေပြင်ပစ်မှတ်များကို ရန်သူမိတ်ဆွေခွဲခြားမှု ပြုလုပ်ပေးနိုင်ပြီဖြစ်ပါတယ်။

- ပေါင်းစပ်စုဖွဲ့ထားခြင်းမရှိသော ခွဲခြားမှုနည်းလမ်းများ
IFF နည်းပညာနယ်ပယ်မှာ ပေါင်းစပ်စုဖွဲ့ထားတဲ့ ပစ်မှတ်ခွဲခြားမှုနည်းလမ်းနဲ့ ပေါင်းစပ်စုဖွဲ့ ထားခြင်းမရှိတဲ့ ပစ်မှတ်ခွဲခြားမှုနည်းလမ်းတွေဟာ အဓိကနည်းပညာနှစ်ခုအဖြစ် ကာလရှည်ကြာစွာ ရပ်တည်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါင်းစပ်စုဖွဲ့ထားခြင်းမရှိတဲ့ ခွဲခြားမှုနည်းလမ်းဟာ ပေါင်းစပ်စုဖွဲ့ထားတဲ့ ခွဲခြားမှုနည်းလမ်းရဲ့နောက်မှ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပါတယ်။ ၎င်းရဲ့ ရှုပ်ထွေးလှတဲ့ စနစ်တွေကြောင့် data bases များကနေ ထောက်ပံ့မှုပြုလုပ်ပေးဖို့်လိုအပ်ပါတယ်။ ၎င်းစနစ်ကို နိုင်ငံများစွာကနှေ သုတေသနပြုလုပ်နေပေမဲ့း လက်တွေ့အသုံးချနေတဲ့ အရေအတွက် ကတော့ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမဲ့ ပေါင်းစပ်စုဖွဲ့ထားခြင်းမရှိတဲ့ ခွဲခြားမှုနည်းလမ်းဟာ ပေါင်းစပ်စုဖွဲ့ထားတဲ့ ခွဲခြားမှုနည်းလမ်းရဲ့ အားနည်းချက်ဖြစ်တဲ့ ရန်သူပစ်မှတ်နဲ့သီးခြားပစ်မှတ်များကို ခွဲခြားဖော်ပြပေးနိုင်ခြင်းမရှိတာကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ပြည့်စုံသော ပတ်ဝန်းကျင် စောင့်ကြည့်မှု ရရှိစေဖို့အတွက် ဒီနည်းပညာရဲ့ သုတေသနနယ်ပယ်မှာ နိုင်ငံအများစုကနေ အင်တိုက် အားတိုက်ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။

- ပေါင်းစပ်စုဖွဲ့ထားသော ခွဲခြားမှုနည်းလမ်းများ
သိပ္ပံနှင့်နည်းပညာတိုးတက်ဖွံ့ဖြိုးလာမှုနဲ့အတူ ခေတ်သစ်စစ်ပွဲများဟာ “ရေထု၊ မြေထု၊ လေထု၊ အာကာသနဲ့ Electromagnetic (EM)” ဆိုတဲ့ five-in-one 3D War အသွင်ကို ပြောင်းလဲလာခဲ့ပါတယ်။ IFF စနစ်တစ်ခုထဲနဲ့ ရှုပ်ထွေးနေတဲ့ ခေတ်သစ်စစ်ပွဲဝန်းကျင်မှာ အသုံးချဖို့နဲ့ စစ်ဆင်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မလုံလောက်တော့ပါဘူး။ ၁၉၉၁ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်နဲ့ Mk X / XII IFF စနစ်တွေတပ်ဆင်ထားတဲ့ မဟာမိတ်တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဟာ ၂၄% အထိရှိခဲ့ပါတယ်။ မှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားလွန်းတဲ့ရလဒ်ဟာ အမေရိကန်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူများကို များစွာတုန်လှုပ်စေခဲ့ပါတယ်။ စစ်မြေပြင်မှာရှိတဲ့ တပ်ဖွဲ့အသီးသီးရဲ့အခြေအနေကို လျင်မြန်စွာ၊ မှန်ကန်စွာနဲ့ လွယ်ကူအဆင်ပြေစွာ ခွဲခြားပေးနိုင်ရေးဟာ ရှုပ်ထွေးလှတဲ့ နည်းပညာဆိုင်ရာ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ခေတ်သစ်စစ်ပွဲနဲ့ သတင်းအချက်အလက် စစ်ဆင်ရေး ပတ်ဝန်းကျင်မှာ မှန်ကန်အဆင်ပြေတဲ့ ပစ်မှတ်ခွဲခြားစီစစ်ရေးနည်းလမ်းရရှိရေးကို များစွာသောနိုင်ငံတွေဟာ အရေးပေါ်ရှာဖွေနေကြပါတယ်။ ဖိဖျက်နှောင့်ယှက်မှုကို ဟန့်တားရေး စွမ်းရည်နဲ့ IFF စနစ်ရဲ့ လုံခြုံရေးတို့သာမက သတင်းအချက်အလက် အရင်းအမြစ်တွေကို အသုံးပြုတဲ့ ပေါင်းစပ်စုဖွဲ့ထားတဲ့ ခွဲခြားမှုစနစ်များဟာလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အရင်းအမြစ်တစ်ခုထဲကနေ ရယူအသုံးပြုတာထက် အရင်းအမြစ်များစွာကနေ အချက်အလက်တွေကို ရယူအသုံးပြုခြင်းဖြင့် ပိုမိုထိရောက်သော ခန့်မှန်းဆုံးဖြတ်မှုကို ရရှိစေမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ Signal အရင်း အမြစ်တစ်ခုထဲအသုံးပြုခြင်းရဲ့ ကန့်သတ်ချက်ကို ဖယ်ရှားပေးနိုင်ပြီး မသေချာမှုကြောင့် ဆုံးရှုံး ရတာတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။