PDA

View Full Version : ကဏန်းချဉ်စပ်၊ ဆူးပုတ်ဘဲဥကြော်၊ပင်စိမ်းဟင်းခါး၊ငါးပိရည်တို့စရာ



nyinyi27
12-24-2009, 09:26 PM
ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေ ပိတ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံပြီး ထမင်းဟင်းစုချက်စားရဖို့ ဟင်းစပ်လေးတစ်မျိုးပေးပါဦးမယ်နော်။
ကဏန်းချဉ်စပ်၊ ဆူးပုတ်ဘဲဥကြော်၊ ပင်စိမ်းဟင်းခါးလေးနဲ့ ငါးပိတို့စရာလေးပေါ့နော်။

ကဏန်းဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း အကောင် 25၊ ကြက်သွန်ဖြူ ဥတစ်လုံး 15 လုံး၊ ကြက်သွန်နီ အလုံးလတ် 10 လုံး၊ ငရုတ်သီးအပုပွတောင့်၊ ငရုတ်စိမ်း၊ နနွင်းမှုန့်၊ နံနံပင်၊ ဆား၊ ငံပြာရည်၊ မန်ကျည်းမှည့်အနှစ်၊ မာဆလာ၊ သကြားအနည်းငယ်နဲ့ ဆီတို့ပါနော်။

ကဏန်းဝယ်တာ အကောင်ကြီးမရဘူး၊ အကောင်အရွယ်လတ်ကလေးတွေပဲ၊ ဒါပေမယ့် အဆီတွေနဲ့ ဥတွေနဲ့ ဆိုတော့လည်းဝယ်လိုက်တယ်။ ဒါပေမယ့် ကဏန်းက အရှင်ပဲရောင်းတာဆိုတော့ ပါဏာတိပါတာဒဏ် ကိုယ် မခံရလေအောင် ဈေးသယ်ကို ကိုယ်ဝယ်မယ့်အကောင်လေးတွေကို ရွေးခိုင်းပြီး တစ်ခါတည်း ကိုင်ခိုင်းခဲ့ ပါတယ်။ နောက်မဟုတ်ရင် အိမ်ကအမေက ကဏန်းဆိုအရှင်ဝယ်ရတာမို့ သူများအသက်သတ်တယ်ဆိုပြီး ၀ယ်မချက်ခိုင်းပါဘူး။
ကဏန်းကို သေချာသန့်စင်အောင် ရေဆေးပြီး ဆားလေးနဲ့ နယ်ထားပါတယ်နော်။ ပြီးတော့ ကြက်သွန်ဖြူနီတို့ကို နွှာထားပြီး ငရုတ်သီးအပုပွတောင့်နဲ့ ရောပြီးထောင်းပါတယ်နော်။ ငရုတ်သီးစိမ်းလေးရယ်၊ နံနံပင်လေးရယ် အသင့်ပြင်ထားပါတယ်။ မန်ကျည်းသီးမှည့်ကို ရေနွေးလေးနဲ့ ဖျော်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ နနွင်းမှုန့်လေးထည့်၊ ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် ဂဏန်းတွေကို ထည့်ပြီး ငရုတ်သီးကြက်သွန်အနှစ်တွေနဲ့ သမအောင် မွှေပါတယ်။ ပြီးရင် ဒယ်အိုးဖုံးခဏလောက်အုပ်ပြီး ထားပေးပါနော်။ နှစ်မိနစ်လောက်နေရင် ဒယ်အိုးဖုံးဖွင့်ပြီး ငံပြာရည်အနည်းငယ်ရယ်၊ သကြားလေးအနည်း ငယ်ရယ်၊ မန်ကျည်းနှစ်တွေရယ်၊ ပြီးတော့ ရေနွေးတွေကို ကဏန်းမြုပ်တဲ့အထိ ထည့်ပြီး ဟင်းအိုး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူပြီဆိုရင် အပေါ့အငံကို မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်၊ မာဆလာလေး နည်းနည်းအုပ်လိုက်ပါ။ ပြီးတော့ ဟင်းအိုးကို အရည်နည်းနည်းကျအောင် နှစ်မိနစ်လောက် ထပ်တည်၊ ပြီးရင် ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်လိုက်ပါနော်။ ဒါဆိုရင်တော့ ကဏန်းချဉ်စပ်ဟင်းလေး ရပါပြီနော်။ (အချဉ်၊ အငံ၊ အစပ် အရသာများကို မိမိစိတ်ကြိုက် ထည့်ပြီး ချက်နိုင်ပါတယ်နော်)။

ဆူးပုပ်ဘဲဥကြော်အတွက်ကတော့ ဆူးပုပ်ရွက်နုလေးတွေကို ရေဆေးပြီးတော့မှ အရွက်လေးတွေ သင်ပေးထားပါ။ ပြီးရင် ကြက်သွန်ဖြူ သုံးဥလောက် ဓားပြားရိုက်၊ ကြက်သွန်နီ အလုံးသေး တစ်လုံးလောက် အခွံနွှာ လေးစိတ်ထိုးထား၊ ဘဲဥလေး နှစ်လုံးလောက် အသင့်ပြင်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီလေးထည့်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ဆူးပုပ်ရွက်လေးထည့်၊ ပြီးရင် ဆားနဲ့ ကြက်သားမှုန့်လေးထည့်ပြီး အားလုံးသမအောင်မွှေ၊ ဆူးပုပ်ရွက်လေး အိအိလေးဖြစ်ရအောင် ရေနွေးလေး နည်းနည်းပက်လိုက်၊ ပြီးတော့ ခဏလေး အဖုံးအုပ်ထား၊ အရွက်အိလောက်ပြီဖြစ်ရင်တော့ အဖုံးဖွင့် ဘဲဥကို ခွပ်ဆို ခလယ်ကခွဲပြီး ဒယ်အိုးထဲထည့်ပြီး အရွက်တွေနဲ့ ထည့်မွှေ၊ အပေါ့အငံအရသာကိုမြည်းပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် မီးပိတ်၊ မီးဖိုပေါ်ကနေ ဒယ်အိုးကို ချလိုက်ရုံပဲနော်။ အဲ့ဒါဆိုရင်တော့ ဆူးပုပ်ဘဲဥကြော် လေး ရပြီနော်။ (ဆူးပုပ်ရွက်ကို အနံ့မကြိုက်တဲ့ မောင်နှမများအနေနဲ့ တခြား ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲ ထည့်ကြော်ပါနော်)

ငါးပိရည်ကိုတော့ ငရုတ်သီးစိမ်းလေးကို မီးသင်းထားတာရယ်၊ ကြက်သွန်ဖြူမီးအုံးလေးရယ်၊ ပုစွန်ခြောက်လေးရယ် ထောင်းပြီး ရောဖျော်ထားတယ်။ တို့စရာကတော့ ပေါက်ပန်းဖြူရွက်ကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ထားတာရယ်၊ ခရမ်းကြွတ်သီးရယ်၊ တညင်းသီးဆားရည်စိမ်ရယ်ပေါ့နော်။

အရည်သောက်ကတော့ ကမန်းကတန်းဟင်းခါးပဲ။ အိုးတစ်လုံးထဲ ရေနွေးထည့်တည်၊ ပွက်ပွက်ဆူလာရင် ပုစွန်ခြောက်လေး မညက်တညက်ထောင်းထည့်၊ ကြက်သွန်ဖြူဓားပြားရိုက်လေးထည့်ပြီး အရည်ကျအောင် တည်ထား၊ ဆား၊ ငံပြာရည်လေးရယ်၊ ကြက်သားမှုန့်လေးရယ်ထည့်၊ ပွက်ပွက်ဆူလာပြီဆိုရင် ခြံစည်းရိုးမှာစိုက်ထားတဲ့ ပင်စိမ်းရွက်လေးတွေ ခူးလိုက်၊ ရေလေးစင်အောင်ဆေးပြီး ခပ်လိုက်တာပဲ။ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ ကမန်းကတန်းဟင်းခါးလေးပါနော်။


ကျွန်တော် ဒီအပိုင်းလေးမှာ အားနည်းနေတယ်ထင်လို့ ကူနိုင်သလောက်လေးကူတာပါ..သူတို့ဆီကလဲ စီးပွားရေးအတွက်ကူးယူဖေါ်ပြခြင်းမျိုးကလွဲရင် ကျန်တာတွေအတွက် ၀မ်းမြောက်စွာအသုံးပြုခွင့်ပေးထားလို့ပါ..ကျေးဇူးတင်ချင်လဲ မူရင်းရေးသားသူကိုသာ ကျေးဇူးတင်ကြပါခင်ဗျာ..ကျွန်တော်ကိုယ်တိုင်လဲ မူရင်းရေးသားသူကိုရော ဖတ်ရှုပေးတဲ့သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ..



credit to lulucooking.blogspot