PDA

View Full Version : ၃နှစ်မြောက်နှစ်ပတ်လည်စာစောင်အတွက် မန်ဘာများရဲ့ စကားသံများ



chit tee
05-02-2011, 12:42 PM
MEF ရဲ့ (၃) နှစ်မြောက် နှစ်ပတ်လည်စာစောင်ထဲမှာ ထည့်ရန်အတွက် မန်ဘာများရဲ့ စကားသံများ ကဏ္ဍမှာ ထည့်ဖို့ ရန် ....

ကိုထင်လင်းပေးထားတဲ့ မေးခွန်းလေးတွေကို အခုခေါင်းစဉ်အောက်မှာ ဖြေကြားရင်း ရေးသားသွားကြဖို့ ဖိတ်ခေါ်ပါရစေ ။
ဖြေကြားသူအရမ်းများပါက အကောင်းဆုံး ဖြေကြားသူများကို အယ်ဒီတာ အုပ်ချုပ်သူများ တိုင်ပင်ဆုံးဖြတ်ရွေးချယ်သွားပါ့မယ်။
အကောင်းဆုံး အပြုသဘောဆောင်စွာဖြင့် ဖြေကြားဆွေးနွေးသွားနိုင်ကြပါစေဗျာ .......

၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?

ဒီအောက်မှာ မရေးချင်ပါကလဲ
အီးမေးလိပ်စာ .... adminct@myanmarengineer.org နဲ့ htinlin.10@gmail.com ၂ ခုစလုံးဆီသို့ အီးမေးနှင့် ပေးပို့နိုင်ကြပါသည်။




MEF (၃) နှစ်မြောက် နှစ်ပတ်လည်ဂျာနယ်အတွက် Format နဲ့ စည်းကမ်းချက်များ (http://goo.gl/fY0eQ)
Final စာစောင်ထုတ်ဝေမယ့်ရက် .... 29.5.2011
စာမူနောက်ဆုံးပိတ်ရက် .... 19.5.2011

htinlin
05-05-2011, 10:03 PM
လောလောဆယ်... ဒီထဲမှာပဲ ၀င်ရေးလိုက်တော့မယ်..။ အမြင်မတော်တဲ့ အက်ဒမင်ကြီးများ နေရာရွှေ့ လိုပါက ရွှေ့လိုက်ကြပါကုန်...။

---------------------------------------------------------------------------------------------------------------------------------------
နှစ်ပတ်လည်စာစောင်ထဲမှာ အင်တာဗျူးကဏ္ဍလိုမျိုးနဲ့  မန်ဘာများရဲ့ စကားသံများ ကဏ္ဍမှာ ထည့်ဖို့ ရန် ဒီမေးခွန်းလေးတွေထဲက အဆင်ပြေတဲ့(ဖြေချင်တဲ့)မေးခွန်းလေးတွေကို ကျေးဇူးပြု၍ဖြေပေးကြပါ။ အဆင်ပြေသလိုရေးပေးပေါ့။ ကျနော်ဖြစ်စေချင်တာက စာမူရှည်ရှည်မရေးနိုင်တဲ့ မန်ဘာများလည်း စာစောင်မှာ တပိုင်တနိုင်ပါဝင်စေဖို့ ပါပဲ။

၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?

အဖြေလေးတွေကို စိတ်ထဲရှိသလိုရေးပြီး adminct@myanmarengineer.org နဲ့ htinlin.10@gmail.com ၂ ခုစလုံး ဆီသို့ ကျေးဇူးပြု၍ပို့ ပေးကြပါခင်ဗျား။

chit tee
05-08-2011, 11:34 AM
စာစောင်မှာ ကိုယ်ရေးတာမပါခဲ့ရင်လဲ စိတ်မဆိုး ၊ ၀မ်းမနည်းကြပါနဲ့။ အများနဲ့လုပ်ကြရာမှာ အနည်းနဲ့အများ လပ်ဟာသွားတာတွေရှိနိုင်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ ဖြစ်နိုင်ရင် မန်ဘာတိုင်း ဒီနေရာလေးမှာ ရေးဖြစ်အောင် ရေးပေးကြပါ။ အားလုံးအတွက် အမှတ်တရတခုအဖြစ် MEF တည်ရှိနေသမျှ အမြဲရှိနေမှာပါ။

ဘယ်သူမှ စမရေးကြသေးလို့ ကျနော်ဘဲ စတင်ရေးလိုက်ပါတယ်။


၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
ကျနော်တို့တုန်းက အင်္ဂလိပ်စာ ၃ တန်းမှာ စသင်ရပါတယ်။ အခု သူငယ်တန်းသင်တဲ့သင်ရိုးကို ၃ တန်းမှာ စတင်ပြဌာန်းလို့ပါ။
အဲ့ဒီတုန်းက ၄ တန်း၊ ၈ တန်း နဲ့ ၁၀ တန်းမှာ အစိုးစစ်စာမေးပွဲဖြေရပါတယ်။
၈တန်း အောင်တာနဲ့ ၀ိဇ္ဇာ ၊ သိပ္ပံ ဆိုပြီး ခွဲတက်ရပါတယ်။
သိပ္ပံ သမားတွေကတော့ ၁၀ တန်းအောင်လို့ အမှတ်ကောင်းရင် ဆရာဝန်တို့ အင်ဂျင်နီယာလိုင်းတွေ တက်ခွင့်ရပေမယ့် ၊ ၈တန်းကတည်းက ၀ိဇ္ဇာလိုင်းရသွားကြတဲ့သူတွေကတော့ အဲ့ဒီအခွင့်အရေးဆုံးရှုံးသွားကြရတာပေါ့။
အခုတော့ အဲ့ဒီစနစ်မရှိတော့ဘူးလို့ထင်ပါတယ်။ ဒါလေးပြောင်းလိုက်တာတော့ ပိုကောင်းတယ်လို့ထင်ပါတယ်။

ပညာသင်ကြားခဲ့တဲ့တလျှောက် အမှတ်တရအရှိခဲ့ဆုံးတွေကတော့ YIT / YTU ကျောင်းတက်ခဲ့စဉ်က .....
- 1st Year မှာ ကျောင်းသားတွေကို အင်မတန်သက်သာတဲ့ အစိုးရဈေးနှုန်း နဲ့ ကျောင်းသားတိုင်းကို ရောင်းချပေးခဲ့တဲ့ ... Scientific Calculator ရယ် .....
- အလကားနီးနီး ပေးရတဲ့ အင်မတန်မှ သက်သာလှတဲ့ အစိုးရကျောင်းလခ နဲ့ အစိုးရအဆောင်ကြေးရယ် .....
- စာမေးပွဲနီးတိုင်း မအိပ်မနေ ပင်ပန်းကြီးစွာ စာလေ့လာကြတဲ့ အဆောင်ကျောင်းသားတိုင်းကို အလကား ဝေငှပေးတဲ့ နို့ဆီ ၊ သကြား ၊ အားဆေး တွေရယ် .....
- 1st Yrs & 2nd Yrs အကြိုအင်ဂျင်နီယာအတန်းမှာ တကယ် လက်တွေ့လုပ်ခဲ့ရတဲ့ Laboratory တွေရယ် ၊ လိုင်းခွဲပြီးတော့ 3rd Yrs to 6th Yrs အထိ လက်တွေ့လုပ်ခဲ့ရတဲ့ Soil Laboratory ၊ Survey Instrument & Survey Camp ၊ Timber Project, RC Project တွေရယ် ....
- 3rd to 6th ကျောင်းပိတ်ရက်တွေမှာ အတွေ့အကြုံရအောင် ကျောင်းကခိုင်းလို့ ဆင်းခဲ့ရတယ် လက်တွေ့လုပ်ငန်းခွင်တွေရယ် ၊
- ကျောင်းတက်စဉ် ကြားပိတ်ရက်တွေမှာ ဆည်မြောင်း ၊ တံတား တည်ဆောက်ရေး လုပ်ငန်းခွင်တွေကို သွားရောက်လေ့လာခဲ့ကြရတဲ့ Excursion တွေရယ် .....
- ကျနော်တို့ကျောင်းရဲ့ အစဉ်အလာတခုဖြစ်တဲ့ Roll No. တတ်နိုင်သမျှမြင့်အောင် ယှဉ်ပြိုင်ကြရတဲ့ စာမေးပွဲအတွက် ကျောင်းစာတွေအပြင် စာကြည့်တိုက်မှာ သူ့ထက်ငါအပြိုင် စာအုပ်တွေ ရှာဖွေလုငှားကြရင်း ဆည်းပူးလေ့လာခဲ့ရတာတွေရယ် .....
စတာလေးတွေကတော့ ကျနော့်အတွက် မမေ့နိုင်စရာ ဖြတ်သန်းလာရတဲ့ကျောင်းသားဘ၀ တစိတ်တပိုင်းပါ။

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
ကျနော်မြင်မိသလောက် မြင်မာပြည်မှာအထက်တန်းပညာအထိသင်နေတဲ့ စနစ်က တခြားတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ အတော်လေးကွာခြားနေပြီလို့ထင်ပါတယ်။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ ယခုလို့ ခေတ်ကြီးမှာ သူများနိုင်ငံတွေမှာကျင့်သုံးနေတဲ့ နိုင်ငံတကာပညာရေးသင်ရိုးညွှန်းတန်း ၊ သင်ကြားပုံစနစ် စတဲ့ ကောင်းတဲ့ပညာရေးစနစ်တွေကိုလေ့လာလို့ မြန်မာနိုင်ငံနဲ့ အံဝင်နိုင်မယ့် စနစ်တွေအဖြစ် (စာရွက်ပေါ်မှာတင်မဟုတ်ဘဲ တကယ့်လက်တွေ့မှာထိရောက်အောင်) ပြောင်းလဲလို့ ... မြန်မာပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ (အထူးသဖြင့် မူလတန်းကနေ အထက်တန်းအထိပေါ့) ကို နိုင်ငံတကာကျောင်းသားတွေနဲ့ သင်ကြားရေးစနစ်ပိုင်းမှာ ရင်ပေါင်တန်းနိုင်အောင် လုပ်ပေးချင်မိပါတယ်။ မြင်မိသလောက် ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဥာဏ်ရည်ပိုင်း ၊ ကိုယ်ရည် ကိုယ်သွေး ပိုင်းတွေမှာတော့ နိုင်ငံတကာနှင့် အသာလေး ရင်ပေါင်းတန်းနိုင်ပါတယ်။

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
မြန်မာမိသားစုဖိုရမ်မှာ Civil Engineering နဲ့ပတ်သက်လို့ ဆွေးနွေးမျှဝေရင်း နဲ့ နည်းပညာပိုအသားပေးတဲ့ MEF ကိုရောက်ရှိလာရင်းနဲ့ ဒီမှာဘဲဆက်လက်နေဖြစ်ခဲ့တာပါ။ ဖိုရမ်မှာ တတ်နိုင်သလောက်အချိန်ပေးလို့ မျှဝေဆွေးနွေးဖြစ်နေတာကလဲ လိုအပ်မယ့်သူတွေအတွက် တစုံတရာ အကျိုးရှိသွားစေရုံမျှသာ ရည်ရွယ်မိပါတယ်။ နောက်ဘ၀တွေအတွက်လဲ ပညာဒါန ကုသိုလ်ရရှိချင်လို့လဲပါပါတယ်။
အမှတ်ရစရာအနေနဲ့ကတော့ MEF ကမန်ဘာတွေဟာ တဦးနဲ့တဦး လေးလေးစားစား ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံလေ့ရှိပြီး ၊ ကူညီဖို့ဝန်မလေးသူများ ၊ အရေးဟေ့ဆိုရင် စည်းလုံးတတ်ကြသူများဖြစ်ကြလို့ အားလုံးနဲ့ အခုလို မိတ်ဆွေဖြစ် ရင်းနှီးခွင့်ရတာလေးကတော့ ဘ၀အတွက် မမေ့နိုင်စရာ အမှတ်တရတခုပါ။

KPZ
05-08-2011, 12:06 PM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
ကျောင်းတက်တုန်းမှာ မှတ်မှတ်ရရတွေက တော်တော်များပါတယ်။
အဖေက သူတာဝန်ကျတဲ့ နေရာတွေမှာ ကျောင်းလိုက်တက်ရင် စာမတတ်မှာဆိုးလို့ ရန်ကုန်က အဒေါ်တွေဆီ ရောက်ပါလေရော။ ကျောင်းစတက်ရတဲ့ ဇူလိုင် ပထမပတ်တိုင်း ကေပီဇက် ဖျားပါတယ်။ ဒီတော့ ကျောင်းစဖွင့်တိုင်း ကျောင်းတစ်လ မတက်ရတာ ကေပီဇက် အစဉ်အလာလို ဖြစ်ခဲ့တယ်။ ၈ တန်းလောက်ရောက်မှ အဲဒီ့ အစဉ်အလာ ပျက်သွားတာပါ။
အဒေါ်ကျောင်းဆရာမတွေနဲ့နေတော့ နွေရာသီတိုင်းမှာ နောက်တစ်နှစ်စာအတွက် စာကြိုကျက်ရလေ့ ရှိပါတယ်။ သုံးတန်းအောင်ပီးတာနဲ့ လေးတန်းအစိုးရစစ်အတွက်ဆို စာတွေကျက်ခိုင်းပါတယ်။ စာတွေကျက်ပီး ၂လ လောက်ကြာတော့ အစိုးရစစ်က ကျောင်းစစ် ပြောင်းသွားပါလေရော။ အဒေါ်တွေ အဖွါးတွေရဲ့ မြို့နယ်ပထမ တိုင်းပထမဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပျောက်သွားပါလေရာ။ ကေပီဇက်ကတော့ စိတ်မကောင်းဖြစ်တဲ့ မျက်နှာပေးလေးနဲ့ စိတ်ထဲကြိတ်ပျော်တာပေါ့။ သူတို့က ၈ တန်းအတွက် အားခဲ့ကြပြန်ရော။ ကံတရားက ကေပီဇက်ကို တော်တော် မျက်နှာသာပေးပါတယ်။ ၇တန်းရောက်တဲ့ နှစ်မှာတင် ၈တန်းကို ကျောင်းစစ်ပြောင်းလိုက်ပြန်လေရော။ ကေပီဇက် ပညာရေးသက်တမ်းတစ်လျောက်လုံးဟာ အစမ်းသပ်ခံကာလာတွေနဲ့ တိုးခဲ့တာ ထူးထူးခြားခြားပါ။ ၁၀ တန်းနှစ်မှာလည်း ၀ိဇ္ဖာတွေ သိပ္ပံတွေ မခွဲတော့ပဲ ဘာသာစုံကျက်ရတဲ့ ခေတ်စတာနဲ့ တိုးပါတယ်။ တက္ကသိုလ်တက်တော့လည်း YTU ပျောက်လို့ GTC နဲ့တိုးတော့တာပါပဲ။ ကျောင်းတက်တုန်းကာလမှ မှတ်မှတ်ရရတွေ ပြောရမယ်ဆိုရင်တော့ ၀ထ္ထုတစ်အုပ်လောက် ရေးလို့ရပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ လူငယ်ဘ၀ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံးယူခဲ့တဲ့ ကျောင်းသားဘ၀ကို ပြန်လိုချင်လားလို့ မေးလာရင်တောင် ၀လွန်းလို့ မလိုချင်တော့ပါဘူး ဖြေရလောက်အောင် ကေပီဇက် ပျော်ခဲ့ပါတယ်။ :P

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
ပညာရေးစနစ်ကြီးတစ်ခုလုံးကို ဝေဖန်ရလောက်အောင် ဥာဏ်မမှီတာတော့ အမှန်ပါ။ ဒါပေမယ့် ဘယ်နေရာမဆို အကောင်းအဆိုးတွေ ဒွန်တွဲနေတတ်တာပဲလေ။ အဆိုးတွေ အများကြီး ရှိနိုင်သလို ကောင်းတာလေးတွေကတော့ တော်တော်ရှာရဦးမယ်။ ကိုယ် ကိုတိုင်အောင် ကျောင်းသားဘ၀တုန်းက အတွေးတွေ စိတ်ကူးတွေကို ခုချိန် ပြန်စဉ်းစားရင် ရီချင်နေမိသေးတယ်။ အဓိက ကတော့ ကျောင်းသားတိုင်း အဓိက သာမည ကို သေချာ ခွဲခြားတတ်စေချင်တာပါပဲ။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
လုပ်ပိုင်ခွင့်တစ်ခုသာ ရှိခဲ့မယ်ဆိုရင်တော့ ကိုယ်ကျိုးမဖက်နိုင်အောင် ကိုယ့်ကိုကိုယ်အရင်ကြိုးစားမယ်။ နောက် အများတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ရမှာပေါ့။

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
ဒီဖိုရမ်ကတော့ ကျမဘ၀တစ်လျှောက်လုံးမှာ စွဲစွဲမြဲမြဲနဲ့ သံယောဇဉ်အရှိဆုံးဖိုရမ်ပါ။ ဒီဖိုရမ်ကနေ အသိပညာတွေ ရခဲ့တယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ပြောမနာ ဆိုမနာ မောင်နှမ အရင်းလို သူငယ်ချင်းတွေ ရခဲ့တယ်။ ဒီဖိုရမ်မှာ အခွင့်အခါရှိနေသရွေ့ ကျမ ဆက်ရှိနေမှာပါ။

ကိုထွန်း
05-08-2011, 02:16 PM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။

ပညာရေးအတွေ့ အကြုံက၊ ပြောပလောက်တဲ့အတွေ့အကြုံတော့မဟုတ်ပါဘူး။ ကျောင်းသားဘဝမှာ ပညာထူးချွန်ခဲ့တာ၊ ဆုရခဲ့တာတွေလည်းမရှိခဲ့သလို၊ တနှစ်တတန်း မှန်မှန်အောင်ဖို့ ကိုသာ မနည်း ကြိုးစားခဲ့ရပါတယ်။ အဂ်လိပ်စာကို (၅) တန်းရောက်မှ စသင်ခဲ့ရပြီး၊ (၉) နဲ့ (၁၀) တန်းမှာ၊ ဝိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ ပထဝီ၊ သမိုင်း၊ ဆိုရှယ်လစ်ဘောဂဗေဒ နဲ့ သမဝါယမ အစရှိတာတွေ အပြင်၊ သိပ္ပံဘာသာရပ်တွေထဲက ရူပဗေဒ နဲ့ ဓါတုဗေဒ အစရှိတာတွေကိုသင်ခဲ့ရပါတယ်။ အခြေခံပညာအထက်တန်းဆိုတဲ့ (၁၀) တန်းစာမေးပွဲကို၊ သာမန်အဆင့်နဲ့ အောင်ပြီး၊ Vocational Education ပိုင်းဆိုင်ရာ၊၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အဆင့် ပညာရပ်တွေကို၊ အမှတ်မမှီလို့ သင်ကြားခွင့်မရခဲ့ပါဘူး။ ဒီ့ အတွက်ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ ရူပဗေဒ အထူးပြုနဲ့ ဒုတိယနှစ်အထိ တက်ခဲ့ ပါတယ်။ ဒါပေမယ့် Academic Education ပိုင်းမှာလည်း၊ မထူးချွန်ခဲ့ပါဘူး။

အဖော်ကောင်းလို့ ဝင်ခွင့်စာမေးပွဲဖြေပြီး၊ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) မှာ (၃) နှစ်တက်ရမယ့် အီလက်ထရောနစ် နဲ့ ဆက်သွယ်ရေးသင်တန်းကို၊ ပထမနှစ် (၁) လ၊ ဒုတိယနှစ် (၂) လ၊ တတိယနှစ် (၆)လ နဲ့ မြန်မာ့သစ်လုပ်ငန်း (သစ်အခြေခံစက်မှူစီမံကိန်း)မှာ၊ လုပ်ငန်းခွင်လက်တွေ့သင်တန်း (၃) လ၊ တက်ရောက်ခဲ့ပြီး A. G. T. I (Electronics & Communication) ဆိုတဲ့အောင်လက်မှတ်ကိုရခဲ့ ပါတယ်။ ကျောင်းတွေခဏခဏပိတ်လို့၊ (၃) နှစ်သင်တန်းကို (၁) နှစ်ခန့်သာ တက်ခဲ့ရတာဖြစ်သလို၊ (၃) နှစ်သာအပြည့်တက်ရရင်၊ စာမလိုက်နိုင်လို့ စာမေးပွဲကျဦးမှာပါ။

ကျောင်းပိတ်ရက်တွေမှာ၊ ကားဘော်ဒီရုံတွေနဲ့ ကားဝပ်ရှော့တွေမှ၊ သံချေးခေါက်၊ ဘော်ဒီထု၊ ကော်ပတ်စား၊ ဆေးမှုတ်၊ ဝရိန်ဆော် အစရှိတာတွေအပြင်၊ စက်ပြင်အလုပ်တွေကိုပါ၊ ပညာသင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ သလို၊ မြေနီကုန်းကားပစ္စည်းတန်း၊ ပုဇွန်တောင်ကြက်တန်းနဲ့ ဘုရင့်နောင်ကားပစ္စည်းတန်းတွေမှာ၊ ဆိုင်အကူအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူ သဘော်ကျင်းမှာ လစာမဲ့ ပညာသင် (un-paid apprentice) အဖြစ်ဝင်ရောက်လုပ်ခဲ့ပါတယ်။

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ ?

မြန်မာ့ပညာရေးစနစ်မှာ သင်ယူသူဖက်က၊ ယူတတ်ဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။ ပညာရေးစနစ်အနေနဲ့ပြောရရင်တော့ Vocational Education နဲ့ Academic Education တို့ဟန်ချက်ညီဖို့ လိုအပ်နေသေးသလို၊ ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦ Educational Infrastructure တွေအများအပြားဖြည့်သွင်းဖို့လိုအပ်နေသေးတယ်လို့ပြောချင်ပါတယ်။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ ?

အဓိကက poverty ဆိုတဲ့ ဆင်းရဲမွဲတေမှုကို၊ နည်းနိုင်သမျှနည်းအောင်ကြိုးစားရမှာပါ။ ပညာရှင်တွေဖြစ်တဲ့ policy makers တွေရဲ့ စိတ်ကူးအကြံဥာဏ်ကို၊ policy desires တွေဖြစ်တဲ့ အာဏာပိုင်တွေက ဆန်းစစ်ဝေဖန်နိုင်စွမ်းရှိရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သာမန်နိုင်ငံသားတဦးအနေနဲ့ နိုင်ငံသားတဦးထမ်းဆောင်ရမယ့်တာဝန်တွေကို၊ ထမ်းဆောင်ရင်း နေထိုင်သွားဖို့သာ၊ ရည်ရွယ်ထားပါတယ်။

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?

အလုပ်မရှိပဲ တနေကုန်ငုတ်တုတ်ထိုင်နေဖြစ်တဲ့နေ့တွေမှာ၊ ဘလောဂ်တွေကို ဝင်ရောက်လည်ပတ်ရင်း၊ မြန်မာအင်ဂျင်နီယာဖိုရမ်ကို အမှတ်မထင်ရောက်ခဲ့ကာ ပျှော်ရွှင်နှစ်သက်စွာနေဖြစ်သွားပါတော့တယ်။

chan09
05-08-2011, 04:39 PM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
ပြောရရင်တော့ ချန်းချန်းက ပညာရေးကို ဦးစားပေးတဲ့ အသိုင်းအ၀ိုင်း နဲ့တော်တော်လှမ်းလှမ်းကလာခဲ့တာပါ... ငယ်စဉ်က မိဘတွေရဲ့ စကားတခုကို နားယောင်ရင်း မိဘစိတ်ချမ်းသာအောင်
စာတွေကျက်ပြီး ပညာရည်ချွန်ဆုတွေရအောင် ယူခဲ့မိပါတယ်... နဲနဲကြီးလာတော့ ကျောင်းသင်ပညာရေးထက် ဘ၀ထဲမှာ အမှန်တကယ်အသက်မွေး ၀မ်းကျောင်းနိုင်မယ့် ပညာရပ်တခုခုမှာ ပရော်ဖက်ရှင်နယ် ဖြစ်ချင်ခဲ့မိပါတယ်... ငယ်ငယ်ထဲက နားတဲ စွဲနေခဲ့တဲ့

ပညာမတက်ရင် ဆိုက်ကားနင်း ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့စကားတွေကို ဆန့်ကျင်ချင်တာကြောင့်ပါ ... ၄ တန်းစာမေးပွဲ မှာ ဒုတိယ ဆုရခဲ့ပေမယ့် ပညာတတ်ဖြစ်ချင်စိတ်တခုထက် အင်မတန်အကြောတက် ညောင်းကိုက် ရတဲ့ ပန်းပုပညာ ရပ်ကိုပဲ

နှစ်ဝက်လောက်လေ့လာဆည်းပူးခဲ့ပါတယ်... အဲ့ဒိတုန်းက ပန်းပုဆရာလုပ် ရတာ ဆိုက်ကားနင်းရတာထက်သာတယ်လို့ ခလေးတွေး တွေးခဲ့တာကြောင့်ပါ...၊အဲ့ဒိလိုနဲ့ ၆ တန်းနှစ် ဒုတိယအစမ်း စာမေးပွဲမှာ အင်္ဂလိပ်ဘာသာ ကျတာကနေစပြီး ပညာရေးနောက်လိုက်ဖို့

ဖန်တီးလာခဲ့တယ်လို့ မှတ်မိနေပါတယ်... ချန်းချန်းတို့လို့ ဘိတ်ချေးတန်းတွေ စာမေးပွဲကျတာ သာမန်အားဖြင့်တော့ မထူးဆန်းပါဝူး... စာမေးပွဲကျလို့ ရှက်တာမျိုးလည်း အဲ့ဒိတုန်းက ချန်းချန်းမဖြစ်မိတာ သေချာပါတယ် ဒါပေမယ့် အတန်းပိုင်ဆရာမက ချန်းချန်းကို

ခေါ်ပြီးစကားပြောပါတယ် တပည့်တယောက်ကို ပြောတာမျိုး ထက်ကို ချန်းချန်းတသက်လုံးအမှတ်ရနေမယ့် စကားမျိုးတွေဆိုတာ ခုထိမှတ်မိနေပါသေးတယ် ပုံမှန်ဆိုရင် တော့ စာမေးပွဲ တဘာသာကျ တချက်နှုန်းနဲ့ ကြိမ်ဒဏ်ခံပြီးရင် ပြီးသွားပေမယ့် ချန်းချန်းက

နဲနဲထူးတာက စာမေးပွဲမှာ အင်ဂလိပ်တဘာသာကျနေပေမယ့် တခြားဘာသာတွေရဲ့ ရမှတ်တွေက အဆင့် ၁ ရသွားတဲ့ သူနဲ့ ၁ မှတ်ကွာ ၂ မှတ်ကွာ လေးတွေဖြစ်နေတာကြောင့် ဆရာမ အတွက် ထူးဆန်းနေလို့ ဆိုပြီးခေါ်ပြောတာပါ... အင်္ဂလိပ် ဘာသာပြ

ဆရာမကိုလည်း အတန်းပိုင်က ချန်းချန်းနဲ့စကားပြောစေပါတယ် .... အဲ့ဒိနှစ် အတန်းတင်စာမေးပွဲပြီးတော့ ချန်းချန်း D ခန်းက နေ A ခန်းကို စရောက်ပြီး ပညာတတ်တွေဖြစ်လာမယ့် လက်ရွေးစင်ကျောင်းသား အတန်းဖေါ်တွေကြားထဲ မျက်စိသူငယ်နားသူငယ်နဲ့

ဒရွတ် တိုက်လိုက်ပါခဲ့ပါတယ်... ဒါပေမယ့် တခြား အောက်ခြေမိသားစုတွေရဲ့ ထုံးစံအတိုင်း ၈ တန်းနှစ် စာမေးပွဲပြီး တာနဲ့ ချန်းချန်းစိတ်က အိမ်မက်က နိုးတဲ့ သူလိုဘ၀မှန်ကို ပြန်မြင်ရပါတယ်..အတန်းဖေါ်တွေက ၉ တန်းနှစ်မှာ အသစ် သင်ရမယ့် ဇီဝ ဒါတု ရူပလို

ဘာသာရပ်တွေကို နွေကြိုတွေတက်နေချိန်မှာ ချန်းချန်းက အလုပ်ခွင်ထဲ ရောက်နေပါပြီ .. အဲ့ဒိ လို ကျူရှင်တွေက ချန်းချန်းနဲ့ မပတ်သက်ဝူးဆိုတာကို နားလည်ပေမယ့် ၉ တန်းစတက်တဲ့ ပထမ ရက်မှာပဲ စသဘောပေါက် ရတာက ငါတော့ ပညာတတ်ဖြစ်ဖို့

မလွယ်တော့ဝူးဆိုတာပါ... ချန်းချန်းနဲ့ ဘ၀တူ သူငယ်ချင်းတယောက်ကတော့ ရူပ ဓါတု ဇီဝလို ဘာသာရပ်တွေကို မလိုက်နိုင်တော့တဲ့ အကြောင်းပြချက်တခု နဲ့ THS ဆိုတဲ့ ကျောင်းကို ပြောင်းပါတယ်.. ချန်းချန်းကသာ အတန်းဖေါ်တွေက ဆရာမတွေ

ရှေ့ကြိုရောက်နေတာကြောင့်ပဲလား ကိုယ့်ဟာကိုယ် ထိုင်းလွန်းတာကြောင့်ပဲလား တော့ မသိ... နားမလည်တာတွေခပ်များများ နဲ့ ၉ တန်းစာသင်ချိန်တွေကို ဖြတ်သန်း ခဲ့ပါတယ်... အရင်ကကြိုရောက်နေကြတဲ့ သူငယ်ချင်းတွေကို ချန်းချန်း အတန်းတင် ဖြေခါနီးမှ

အမှီလိုက်နိုင်ပါတယ်.. ကံကောင်းထောက်မစွာနဲ့ ၉ တန်းကို ထူးထူးချွန်ချွန်အောင်တယ်ပြောရမလား အတန်းတင်စာမေးပွဲမှာ အဆင့် ၇ နှစ် နဲ့ ဆု ပေးပွဲတက်ခဲ့ရပါတယ်.... အဲ့ဒိ A ဆိုတဲ့ အတန်းက လည်း ထူးဆန်းတာက အဆင့် ၁ကို ၂ ယောက်အမှတ်တူရရင် အဆင့်

၂ ဆိုတာ မရှိတော့ ပဲ ဒုတိယအမှတ်အများဆုံး လူက အဆင့် ၃ ဖြစ်ရပါတယ်... ဘာပဲ ဖြစ်ဖြစ် အဆင့် ၇ ဆိုတော့ လည်း ကိုယ့်ကိုယ်ကို ဘ၀င်တွေဘာတွေမြင့်လို့ပေါ့... ဒါပေမယ့်လည်း စာမေးပွဲပြီးကျောင်းပိတ်တော့ ထုံးစံအတိုင်း အလုပ်ခွင်ဝင်ရပြန်ပါတယ် ...

အဲ့ဒိအချိန်ချန်းချန်း လုပ်တာက တိုက် အဟောင်း အသစ် တွေကို ဆေးသုတ်တဲ့ ကန်ထရိုက် တယောက်ဆီမှာ နေ့စား ၀င်လုပ်နေတာပါ... ၈ တန်း နွေပိတ်တုန်းက လုပ်တာ တရက် ၈၀ ( မြန်မာကျပ်ဖြစ်ပါသည်) ၉ တန်းမှာ ၁၂၀ ကျပ် ရပါတယ်.... အဲ့ဒိမှာ အင်ဂျင်နီယာ

တွေရဲ့ဘ၀ကို စတင် အားကျမိတာတော့ ၀န်ခံပါတယ်... ၁၀ တန်းကျောင်းတွေဖွင့်တော့ ၉ တန်းထဲက ကြောက်ခဲ့ရတဲ့ ဘာသာရပ်တွေက ပိုခက်လာတယ်လို့ခံစားရပါတယ်... လူကလည်း အလုပ်လုပ်ခဲ့ တဲ့အရှိန် နဲ့ ပညာရေးဟာ ကိုယ်နဲ့ သိပ်မဆိုင်သလိုလို

ပိုက်ဆံမတတ်နိုင်တဲ့ မိဘတွေကို သနားအားနာ နဲ့ ဝေခွဲမရတွေဖြစ်ပြီး အလုပ် ထဲပဲ ပြန်ဝင်တော့မယ်လို့ လဲ စဉ်းစားမိပါတယ်... ပထမလပတ်စာမေးပွဲ အပြီးမှာ ချန်းချန်း ဆုံးဖြတ်ချက်တွေပြောင်းလဲဖို့ ဖန်လာခဲ့ပါတယ်.... ဘာသာရပ် ၉ ခုမှာ သင်္ချာ တခုက လွဲရင်

ကျန်တာတွေက ၄၀ ဆိုတဲ့ အောင်မှတ်နားမှာ အပေါ်ရောက်လိုက်အောက်ရောက်လိုက် နဲ့ report card မှာပြောပါတယ် အတန်းပိုင်ဆရာမရဲ့ သင်္ချာဘာသာမှာတော့ ၁၀၀ တဲ့ ( ချန်းချန်းတို့က အဲ့လို...) ဆရာမက ခေါ်ပြီးဆံုးမပါတယ်

နောက်ပြီးဘယ်မှာကျူရှင်တတ်လဲမေးပါတယ်.. အမှန်အတိုင်းပဲ ဘယ်မှာမှမတတ် ၀ူး ဆရာမပေါ့... ဘယ်ဘာသာတွေမလိုက်နိုင်ဝူးလဲတဲ့ တဘာသာမှမလိုက်နိုင်တာ ဆရာမကိုပြောဖို့တောင် အားနာနာပဲ... နင်၁၀ တန်း မအောင်ချင်ဝူးလားတဲ့ အဲ့ဒိဆရာမက အဲ့ဒိနှစ်မှာ

ပင်စင် တင်တော့မှာလို့ ချန်းချန်းတို့သိထားပေမယ့် ဆရာမက ချန်းချန်းကို ၁၀ တန်းထူးထူးချွန်ချွန်အောင်အောင် သင်ပေးပြီးမှ ပင်စင်တင်တော့မယ်လို့ပြောပါတယ်.... တကယ် ပဲ သင်္ချာဘာသာရပ်မှာ ချန်းချန်း ကျူရှင် မယူပေမယ့် တခြား အတန်းဖေါ်တွေရဲ့ နောက်ကို

ရောက်မနေခဲ့ပါဝူး တခြား ဘာသာတွေကလွဲလို့ပေါ့ ... ချန်းချန်း နဲ့ တတန်းပဲကွာတဲ့ အစ်မက ချန်းချန်းကို ၁၀ တန်းထူးထူးချွန်ချွန်အောင်ပြီး အင်ဂျင်နီယာဖြစ်လာစေချင်တယ်လို့ပြောပြီး မလိုက်နိုင်တဲ့ဘာသာတွေကို သူပြန်ရှင်းပြပါတယ်... ချန်းချန်းအစ်မက

ချန်းချန်းထက်စာပိုတော်သလို ပိုလည်း ကြိုးစားပါတယ်... ကံဆိုတဲ့ သူများတွေပြောပြော နေတဲ့ အကြောင်းအရာတခုကြောင့် ၁ဘာသာဂုဏ်ထူးပဲ ရခဲ့ပြီး သူလိုချင်တဲ့ လိုင်းနဲ့ လွဲခဲ့တာပါ... ချန်းချန်း အဲ့ဒိလပတ်စာမေးပွဲအပြီးကစလို့ စာကို သေသေချာချာ

ကြိုးစားလေ့လာပါတယ် ၁၀ တန်းအပြီးမှာ တော့ ချန်းချန်းသင်ယူချင်တဲ့ ပန်းတိမ်ပညာရပ်အတွက်နဲ့ အိမ်စရိတ်အတွက် ချန်းချန်းအဖေ့ရဲ့ဆိုက္ကား ကို ညပိုင်း နင်းရပါတယ်.... သမာအာဇီဝနဲ့ အသက်မွေးဖို့ကို ချန်းချန်းမိဘနှစ်ပါးရဲ့ကျေးဇူးကြောင့်

မရှက်မကြောက်တတ်ခဲ့ပါဘူး... ချန်းချန်း သင်ယူခဲ့ တဲ့ ပန်းတိမ်ပညာက ချန်းချန်း YTU က BE ဆိုတဲ့ ဘွဲ့ တခု ရဖို့ တံတား တခု လှေကားတစင်း ဖြစ်ခဲ့ပါတယ်... ခုတော့ ရေစီးကြောင်းတခုမှာ သူများတွေလိုပဲ မျောပါပြီး နိုင်ငံသေးသေးလေးတခု မှာ ပညာနဲ့

အသက်မွေးတဲ့ သူ အဖြစ်ရပ်တည်နေတာ ၄ နှစ် ပြည့်ခဲ့ပါပြီ.......

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
အပေါ်မှာပြောခဲ့သလိုပါပဲ ပညာရေးကို အလေးထားတဲ့ အသိုင်း အ၀ိုင်း တွေရဲ့ ခပ်ဝေးဝေးက လာခဲ့ရခဲ့သူမို့ နိုင်ငံရဲ့ ပညာရေးစနစ်ကို မဝေဖန်ဝံ့ပါဝူး... ဒါပေမယ့် အမှန်တကယ် လက်တွေ့ ဘ၀ တခု မှာ တိုက်ရိုက်အသုံး ကျဖို့တော့ ကျောင်းက သင်ပေးလိုက်တဲ့ နိုင်ငံရဲ့

ပညာရေးစနစ် ဟာ ပြီးပြည့်စုံမှုမရှိဘူးဆိုတာတော့ သေချာပါတယ်... (ဒါမျိုးကတော့ မြန်မာနိုင်ငံရဲံစနစ်မှ မဟုတ်လောက်ပါဝူး.... )

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
ချန်းချန်း ငယ်ငယ်တည်းက ဘ၀မှာ စိတ်ကူးယဉ်ကြည့်ဖို့ အချိန်သိပ်များများ မရခဲ့ပါဝူး... ( အကယ်၍... ဆိုတဲ့ စကား..... အတွက် ချန်းချန်းကို နှာစေးခွင့်ပြုပါ..... ဟိဟိ )

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
MEF ကို ဘယ်ပုံရောက်လာမှန်း သေသေချာချာ မသေချာတော့ ပေမယ့် လေ့လာစရာတွေအများကြီးကို ဒီကနေချန်းချန်းလေ့လာခဲ့ပါတယ် .. အင်မတန် ထူးချွန်ထက်မြက်ကြတဲ့ အင်ဂျင်နီယာ အစ်ကို အစ်မ ညီ ညီမတွေနဲ့ ဆုံတွေ့ခွင့် သူတို့ ရဲ့ စာတွေကို ဖတ်

ရှု့လေ့လာခွင့် ရခဲ့ပါတယ်... သေချာတာတခုက ပညာရေးပတ်ဝန်းကျင်ရဲ့ ဝေးဝေးက လာခဲ့ တဲ့ ချန်းချန်းအတွက် အင်မတန် ကောင်းမွန်တဲ့ ခေတ်သစ် နည်းပညာ တွေကို လေ့လာခွင့် ရခဲ့တဲ့ ပတ်ဝန်းကျင်ကောင်းတခုပါပဲ...

ခင်မင်လေးစားချက်....

အေ၇ာ
05-08-2011, 09:37 PM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
အေ၇ာကြုံတွေ့လေ့လာဖူးခဲ့တဲ့ ပညာရပ်အများစုက စည်းစနစ်တကျနဲ့ ပုံမှန်အနေအထားမျိုး (Formal teaching learning process) မဟုတ်ခဲ့ပါဘူး။ အထူးစိတ်ပါဝင်စားတဲ့အကြောင်းအရာတွေကို အခွင့်အရေးတဲ့အခါတိုင်း လေ့လာမေးမြန်းခြင်း နဲ့ စာအုပ်စာပေများ ဖတ်ရှုတွေးခေါ်ဆင်ခြင်ခြင်း စတဲ့
(Self-study) တို့ကြောင့်သာ တစ်စတစ်စဖြင့် အတိုင်းအတာတစ်ခုအထိ နားလည်ကျွမ်းဝင်ခဲ့ရတယ်လို့ပြောနိုင်ပါတယ်။

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ။
MEF မှ ညီအစ်ကိုမောင်နှများအနေနဲ့ ပညာရေးစနစ်ဆိုတာကို ဦးစွာအဓိပ္ပါယ်ဖွင့်ကြဖို့လိုမယ်လို့မြင်ပါတယ်၊ နိုင်ငံတော်အစိုးရနှင့် ပညာရေးဌာနတို့ရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက် နှင့် အကောင်အထည်ဖေါ်ဆောင်ရွက်မှု အပိုင်းကို ရည်ညွှန်းလိုတာလား၊ လက်ရှိမြင်တွေ့နေကြတဲ့ စာသင်ခန်းနှင့် စာမေးပွဲစနစ် တို့အနေအထား၊ သင်ကြားပို့ချသူဆရာများ နှင့် ဆည်းပူးလေ့လာသူတို့အပြုအမူများ၊ ကျောင်းသား မိဘ အသိုင်းအ၀ိုင်း၏ အဓိကဦးစားပေး မျှော်မှန်း ချက်များအပေါ် တစ်စုံတစ်ရာ အားမလိုအားမရဖြစ်နေကြသလား ဦးစွာဆန်းစစ်ရမှာပါ။
ဥပမာအနေဖြင့် မြန်မာစာဌာနမှ ပြုစုပေးသော သင်ရိုးညွှန်းတန်းနှင့် ပြဌာန်းချက်များ အတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ စာအုပ်တို့မှာပင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်တို့ကို အမှာစာအဖြစ် ထည့်သွင်းဖေါ်ပြထားတတ်သော်လည်း လေ့လာဖတ်ရှုဖူးသူ နည်းပါးမယ်လို့ထင်ပါတယ်။
လူတိုင်းက ပညာရေးစနစ်အကြောင်း စနစ်တကျဝေဖန်သုံးသပ်နိုင်ဖို့ဆိုတာမလွယ်သလို အပြုသဘောဆွေးနွေးနိုင်မယ်လို့လည်း မမျှော်လင့်နိုင်ပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ လူအတော်များများ (အထူးသဖြင့် ကျောင်းသူ/ကျောင်းသားရှိတဲ့ မိဘများက ထင်မိထင်ရာ ဝေဖန်ပြောကြားတတ်ကြပါတယ်။)
မိမိတို့ အသိမျှဖြင့် မကောင်းဘူးလို့ ရှုမြင်မိတဲ့ အစဉ်အလာဆိုးများ ကင်းစင်ပျောက်ကွယ်တိုးတက်မှုရှိလာစေဖို့ဆိုလျှင် အဆိုပါအခြေအနေကို အဖွဲ့အစည်းတစ်ခုခုက စနစ်အဖြစ်ချမှတ်ကျင့်သုံးနေခြင်းကြောင့် ပေါ်ပေါက်ခိုင်မြဲနေတာလား မိမိတို့အများစုက မပြောင်းလဲနိုင်သောအရာအဖြစ် လက်ခံကျင့်သုံးနေမိသောကြောင့် ဆက်လက်တည်တန့်နေတာလား ဦးစွာဆန်းစစ်သင့်ကြောင်းလည်း ထောက်ပြလိုပါတယ်။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
လုပ်နိုင်တာတွေသိလာတိုင်း/ရှိလာတိုင်း လုပ်ပိုင်ခွင့် ရှိတယ် မရှိဘူးရယ်လို့စဉ်းစားတွေးတောမနေပဲ မိမိနိုင်သလောက်ကြိုးစားလုပ်ဆောင်ပါမယ်၊ မလုပ်သင့်ဘူးထင်မြင်ယူဆတာတွေနဲ့ ကင်းကင်းရှင်းရှင်းဖြစ်အောင်လည်း ကြိုးစားလုပ်ဆောင်ပါမယ်။

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ။
မမအေးက Platnet.com.mm ရဲ့ ဘာသာရေးဆွေးနွေးမှုများဆီ လာရောက်ဖိတ်ခေါ်လို့ ရောက်လာခဲ့တာဖြစ်ပါတယ်။
အမှတ်ရစရာအနေနဲ့ကတော့ ခင်မင်ရင်းစွဲရှိတဲ့ နွေဦးကို နှင့် ဒီနေရာမှာလည်း ထပ်မံဆုံတွေ့ရပြန်ပါတယ်၊ ဒါပေမယ့် အဖွဲ့အစည်းနှင့် သဘောထားကွဲလွဲမှု ပေါ်ပေါက်ကာ နှုတ်ဆက်ထွက်ခွါသွားတဲ့အဖြစ် မကြာမီ ကြုံတွေ့လိုက်ရပါတယ်။ အဖြစ်အပျက်အသေးစိတ်ကို မသိတာကြောင့် မည်သူ၏အမှားအယွင်း ဆိုတာမပြောနိုင်သော်လည်း အများအကျိုးစုပေါင်းသယ်ပိုးကြမည်ဆိုပါက အားမာန်တင်းကာဆောင်ရွက်စရာများ အလေးပေးနိုင်အောင် အချို့သောကိစ္စရပ်များအတွက် ပျော့ပြေင်းငြင်သာသော သဘောထားအမြင်လိုအပ်ကြောင်း သတိပြုမိခဲ့ပါတယ်။
အခြေအနေပေးခိုက်မှာ အထူးလုံးလစိုက်ပြီး ပံ့ပိုးပေးဆပ်မှုများ ပြုလုပ်ပေးကြတဲ့ မင်ဘာများနှင့်အတူ MEF ကို ၀ိုင်းဝန်းကူညီ ထုဆစ် အကောင်အထည်ဖေါ်နိုင်ခဲ့တာ အမှတ်ရ ဂုဏ်ယူမိပါတယ်။

အေ၇ာမေ

ချင်းတွင်းသား
05-09-2011, 09:21 AM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
ငယ်ငယ်တုန်းကတော့ စာကိုပုံမှန်ကျက်ရင်း တစ်နှစ်တစ်တန်းအောင်လာခဲ့တယ်....ကံကောင်းထောက်မစွာနဲ့ ၁၀ တန်းမှာ ဆရာကောင်းတွေနဲ့ အနီးကပ်နေရတဲ့အတွက်သက်တောင့်သက်သာနဲ့အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တယ်...
နောက်တော့ မုံရွာ ကွန်ပျူတာကောလိပ်မှာတက်ပြီး တတိယနှစ်ရောက်တော့ မေဂျာပြောင်းနဲ့ မန္တလေးကို ပြောင်းပြီးတက်ခဲ့ရတယ်...
မှတ်မှတ်ရရကတော့ တတိယနှစ်ပဲ... ဘာလို့လဲဆိုတော့ ပထမနှစ်ဝက်ကို မုံရွာမှာ ၂ လလောက်တက်ခဲ့ရတယ်...
နောက်မန္တလေးကိုပြောင်းခဲ့ရတယ်.... အဲဒီရောက်ပြီး ၄ လလောက်ပြီးတော့ နှစ်ဝက်စာမေးပွဲဖြေရတယ်... နောက် ဒုတိယနှစ်ဝက်ကိုတော့ နောက်ထပ်ကျောင်းပြောင်းပြီးတော့ တက်ခဲ့ရတယ်... မန္တလေးမှာက ၂ ကျောင်းရှိတာဆိုတော့..
ဒီတော့ တတိယနှစ်ကို အူလည်လည်နဲ့ပြီးသွားခဲ့တယ်.. အဲဒါကတော့ အမှတ်တရပါပဲ...

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတော့ မြင်မနေဘဲ ကျောင်းသားတွေဘက်ကနေ လက်လှမ်းမှီသလောက် လေ့လာပါလို့ပဲ ပြောချင်ပါတယ်... အခုဆိုရင် ကျွန်တော်တို့ ကျောင်းတက်ခဲ့ရတုန်းကထက်စာရင် အင်တာနက်တွေ သင်တန်းတွေက တော်တော်လေး ပေါနေပါဘီ... သင်တန်းမတက်နိုင်ဘူးဆိုရင်လဲ ကျောင်းက သင်ရိုးစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်...
ပြီးတော့ အင်တာနက်ကို သုံးဖြစ်အောင် သုံးပြီး အကျိုးရှိရှိ သုံးစေချင်တယ်.. အခုတော်တော်များများ အင်တာနက်စသုံးဘီဆိုရင် chatting လုပ်မယ်ဆိုတာတွေ တော်တော်များတယ်... မသုံးနဲ့လို့ မဆိုလိုပါဘူး.. သုံးသင့်သလောက်တော့ သုံးရမယ်ဆိုတာကို လက်သင့်ခံပါတယ်...

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
လုပ်ပိုင်ခွင့်ဆိုတာမရှိလဲဘဲ ကိုယ်သိတာလေး ကိုယ်တက်တာလေးကို ဖိုရမ်တွေမှာ မျှဝေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေး အရှိန်ကောင်းကောင်းနဲ့ တိုးတက်လာမယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်... ပြီးတော့ လုပ်ငန်းခွင်ထဲမှာ မြန်မာအချင်းချင်း စည်းစည်းလုံးလုံးနဲ့ လက်တွဲခေါ်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့... အထူးသဖြင့် ကိုယ်တွေ့ဖြစ်တဲ့ စလုံးမှာပေါ့...

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
ဒီဖိုရမ်ကိုတော့ ကျွန်တော်က ဆားဗစ်သမားလေ.. အဲဒီတော့ လိုအပ်တာလေးတွေကို Googling လုပ်ရင်းနဲ့တွေ့ခဲ့ပြီးတော့ ၀င်ဖြစ်သွားတာ...
အရင်ကတော့ ကိုယ့်အတွက် လိုအပ်တာလေးတွေကိုပဲ ယူခဲ့တယ်.. နောက်တော့ ကိုယ်သိတာလေးတွေကို စမ်းရေးရင်းရေးရင်းနဲ့ အမြဲတမ်းဝင်ဖြစ်ခဲ့တယ်...ရေးတယ်ဆိုတာကလဲ မဖြစ်စလောက်လေးပါပဲ...
ပြီးတော့ ညီကိုမောင်နှမအရင်းအချာလို ခင်မင်ရတဲ့ သူငယ်ချင်းတွေလဲ ရခဲ့တယ်... အင်တာနက်သုံးလို့ရနေသမျှ ၀င်ဖြစ်မယ့် ဖိုရမ်ပါပဲ...
ဖိုရမ်မှာရေးရင်းနဲ့ ကျွန်တော်ပြောမှားဆိုမှားရှိခဲ့ရင် ရေးရင်းလက်စနဲ့ ဒီနေရာကနေ တောင်းပန်ပါတယ်...

ရေးတာအမှီးအမောက်မတည့်ခဲ့ရင် ဆောရီးပါ...

ကိုလင်း
05-09-2011, 09:31 PM
ဦးစွာ ပထမ ဒီမေးခွန်းတွေ ဖြစ်အောင် စီစဉ်ကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ကြောင်းပြောပါရစေ၊။

၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
ငယ်စဉ်ဘ၀ကတော့ သာမာန်လက်လုပ်လက်စားမိသားစုလေးကနေ မောင်နှမ သုံးယောက် ကြီးထွားခဲ့ကြရတာပါ၊
ပညာရေးကို အားပေးညွှန်ပြခဲ့တဲ့ မိဘများကြောင့် ဆရာများကြောင့် ၁တန်းကနေ ၈တန်း အထိ နှစ်စဉ် ဆုလက်မှတ် ပေါင်းစုံကို ရခဲ့ ဘူးပါတယ်၊
မှတ်မှတ်ရရ ၈တန်းတုန်းက ရခဲ့တဲ့ ဆုများထဲမှာ စာစီစာကုံး ဆု ၊ ပါခဲ့တာကို ပါဘဲ။ စာပေါင်းစုံဖတ်ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ၀န်းကျင်ကောင်းကို ဆုံခဲ့ရတာ မို့ပါ၊၊
နောက် ၇ပ်ထဲရွာထဲ စာစီကုံးပြိုင်တော့လဲ အမှတ်မထင် မမျှော်လင့်ပါဘဲ ဆုကြီးတွေရခဲ့မိပါသေးတယ်၊၊ နောက်၈တန်းအောင်တော့ အထက်တန်းဆက်တက်နေရင် အချိန်တွေကြာမယ်။ မိဘ ကုန်မဲ့ ပိုက်ဆံလဲ များမယ်ဆိုပြီး မြန်မြန် ကျောင်းပြီးအောင် နတ်မောက်ကျောင်းဆိုတဲ့ T.H.S (1) ကျောင်းကို ရောက်ခဲ့ရပါတယ်။ရည်ရွယ်ချက်ကတော့ ဒီကျောင်းတက်ပြီးတာနဲ့ အလုပ်ကလေး တခု ရ ၊ ၀င်ငွေလဲ ရပြီး မိဘကို ပြန်ပေး နိုင်အောင်လို့ပါဘဲ၊ ၊။ ဘ၀မှာ အများဆုံးတမ်းတမိခဲ့တာက တော့ ဒီ ကလေးသာသာ တုံးက ပျော်ခဲ့ ရ တဲ့ ဒီ နတ်မောက်ကျောင်းလေးကိုပါဘဲ၊
အဲဒီမှာ စကားရည်လုပွဲ ၀င်ပြိုင်ခဲ့၇ပြီး ဆုရခဲ့ပါတယ်၊ ခေါင်းစဉ် အရ ပြောတာ ကောင်းလို့ ဆိုပြီး စတိတ်စင်ပေါ်က အဆင်းမှာ ဆရာမတွေက ဗိုက်ခေါက်လိမ်ဆွဲ တာကို ခံခဲ့ရတာ ကတော့ အမှတ်ရဆုံးပါဘဲ၊။ ခေါင်းစဉ်က [B]အမျိုးသားများသည် အမျိုးသမီးများ ထက် အမျိုးသားစိတ်ဓါတ် ပို၍ ရှိကြသည် ဆိုတာပါဘဲ ။ အဲဒီက စခဲ့တဲ့ ပိုးကတော့ နေရာတကာ ဖိုးရေးချင် ဖိုးပြောချင် ဖြစ်လာတာပါဘဲ။ ဒီနေရာမှာ အလေးထားပြောချင်တာ တခုကတော့ ၀န်းကျင်ကောင်း ဆိုတာပါဘဲ ၊။ လူငယ်ဘ၀ကို ဒီဟာကြီးက အဓိက ပုံသွင်းတယ်လို့ ဆိုချင်ပါတယ်။ နောက်တခုကတော့ ဘာသာတရား ရဲ့ အဆုံးအမ ပါ၊ ကံ ကံ၏ အကျိုး ဆိုတာပါဘဲ။ မြန်မြန် ကျောင်းတက်ပြီး အလုပ်ဝင်ချင်တဲ့ ကျနော့် ကို ကံတရား က ကျီစားပြီး ဒုတိယနှစ် အောင်စာရင်း ထွက်တာမှာ ဂုဏ်ထူးရ အထူးအောင် ဆိုပြီး ရန်ကုန်စက်မှုတက္ကသိုလ် သို့ တိုက်ရိုက် တက်ရောက်ခွင့် ပြုသည် လို့ မှတ်ချက် ပေးလိုက်ပါတယ်၊။ ကျနော် ၁၀ တန်း မအောင်ပါခင်ဗျား ၊အင်ဂျင်နီယာဘွဲ့ ကို ဒီလိုနဲ့ ရခဲ့မိပါတယ်၊ မှတ်မှတ် ရရ ကျောင်းထဲ စသွားခဲ့တက်ခဲ့ရတာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ပါ………. ကျောင်းပြီးလို့ ဘွဲ့နှင်းသဘင် တက်ခဲ့ရတာကတော့ ၂၀၀၀ ပြည့် နှစ်က ပါ ။ ဒါကိုလဲ အခု အရွယ်မှာတော့ ကံ ကံ၏ အကျိုး ဆိုတာ ကို နှလုံးသွင်းတတ်ခဲ့ပါပြီ၊
ငယ်ငယ် ဘ၀မှာထဲက အဖေ့ ရဲ့ သိပ်ပံကော်ပြားလေးနဲ့ (Science template card) လျောက်လွှာစာရွက်ဖြူပေါ်မှာ ဆေးပြားထုတ်စက် ၊ မုံ့လုံး ထုတ်စက်တို့ ဆိုပြီး ပုံဆွဲနေတတ်တဲ့ ကျနော်၊ မိုးစွေစွေရွာတဲ့ ကျောင်းပိတ်ရက်တွေမှာ အဖေ့နံမယ် ဘုတ်ပြားကို အောက်ခံထားပြီး Drawing Board အမှတ်နဲ့ စက်ပုံတွေဆွဲပြီး စိတ်ကူးနဲ့ ရူးခဲ့မိတဲ့ ကျနော် အခုတော့ အင်ဂျင်နီယာ မဖြစ် တဖြစ် ဘ၀တခုမှာ ကျင်လည်နေရပါပြီ။။


၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
ဘောင်တခုထဲ မှာ ပိတ်မိနေတယ်လို့ မြင်ပါတယ်။ ကျနော်တို့ ရဲ့ မျိုးဆက်တွေ အတွက် ပွင့်လင်းသော ဖေါက်ထွက်ရှုမြင်သုံးသပ်တတ်သော မိမိ အကျိုးသာ မက လူသား နှင့် လောက ကြီး ကိုပါ ကောင်းကျိုး ဖြစ်စေသော အတတ်ပညာ ၊ အတွေးအမြင် များထွန်းကားစေ မဲ့ ပညာရေး အသွင် ပုံစံ လိုအပ်နေပါတယ် ။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
ဒီမေးခွန်းကိုတော့ ကျနော့် သဘာဝ အရ ဘုဂလန့်တိုက်ပြီးဖြေပါမယ်။
အုပ်ချုပ်သူလူကြီးမင်းများ သဘောရှိသလိုသာ တည်းဖြတ်တော်မူပါ။
ကျနော် လုပ်မှာကတော့ မြန်မာနိုင်ငံတော်ကြီး တိုးတက်အောင် လုပ်တဲ့ သူတွေကို လေ့ကျင့် မွေးထုတ်ချင်တာပါဘဲ။ စိတ်ဓါတ်ကောင်းရမယ် ။ ထက်မြက်သော ပညာရှိရမယ် ။ တိုးတက်သော အမြင်ရှိရမယ် ။ စွန့်စားဝံ့တဲ့ လူသားများဖြစ်မယ်။ အားလုံး ခြုံပြောရရင် ပညာရှိသူတော်ကောင်း များဖြစ်ဘို့ပါဘဲ။ ဒီလိုလူသားတွေ များများ ရှိရင် ဘာများလိုပါသေးလဲ မိတ်ဆွေ……………..

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
ကျနော် အခါအားလျော်စွာ မြန်မာဆိုဒ်တွေ ၀င်ရင်းနဲ့ ဒီဖိုရမ်ကို ဆက်မိပါတယ်၊ ရောက်ပြီးနောက်မှာတော့ လည်ရင်းပတ်၇င်းသူများကို ဆရာဝင်လုပ်ရင်း သဘောကျသထက်ကျပြီး ပုံမှန်နေဖြစ်ပါတယ်၊ တလောကတော့ အလုပ်ပြောင်းတာပြင်တာ တွေနဲ့ ဆုံခဲ့ ရလို့ အဆက်ပြတ်ခဲ့ရပါသေးတယ် ။
အမှတ်၇စရာကတော့ လေးနက်တဲ့ ပြောဆိုမှုတွေကို ဒီဆိုဒ်မှာ တွေ့ရတာကိုပါ ။အထူးသဖြင့် ကိုယ့်ဟာကိုယ် စိတ်ကူးရပြီး ဆိုဒ်ဖြစ်အောင် စလုပ်တဲ့ ကိုရေခါး … စီစဉ်အုပ်ချုပ်ပေးနေတဲ့ ကိုရာမညတို့လို ကစပြီး…မေးတာဖြေတာတွေကို
မိမိသဘောအလျောက် ၀င်ရောက်ဖြေဆို ထိန်း ပေးနေတဲ့ ကိုဟယ်ရီ ကိုထွန်း ကိုချစ်တီး တို့ကို သဘောကျမိလို့ပါ ။ လူငယ်ခြေတက်ကလေးတွေလဲ ကောင်းတဲ့ လမ်းကြောင်းပေါ်ကို တက်လာနေကြပါပြီ ။ ဒီဆိုဒ်ရဲ့ အမှတ်တရမြင်ကွင်းကတော့ Donation ပါဘဲ၊၊ ဒါတွေသာ တစ တစ ကြီးထွားလာမယ်ဆိုရင်….

အားလုံးကျေးဇူးပါ…….

cy
05-09-2011, 11:42 PM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ
ငယ်ငယ်ကတည်းက ကျွန်တော်က စာတော်တဲ့ ကျောင်းသား တစ်ယောက်မဟုတ်ခဲ့ဘူး ။ အမြဲတမ်း ကျွန်တော် အဆင့်က အလယ်လတ်နားမှာပဲရှိတယ် ။ ကျွန်တော် အဘိုးက ဆေဗယ် စီမံကိန်း အင်ဂျင်နီယာကြီး … သူရဲ. သား … ကျွန်တော် အဖေကို အင်ဂျင်နီယာသိပ်ဖြစ်စေချင်တာ ။
ဒါပေမယ့် ကျွန်တော် အဖေက ရိုးရိုး ဘွဲ.တစ်ခု နဲ. THS ကျောင်းဆင်း တစ်ယောက်ပဲဖြစ်ခဲ့တယ် ။ ဒါကြောင့် ကျွန်တော်ကို အင်ဂျင်နီယာ တစ်ယောက်အရမ်းဖြစ်စေချင်ခဲ့တာ ။
ကျွန်တော် ငယ်ငယ်ကတည်းက မက်ကယ်နိ ကစားစရာလေးတွေ ၀ယ်ပေးတယ် ။ ကျွန်တော်ကလဲ ကလိရတာ ၀ါသနာ ပါတဲ့သူ … ဖန်တီးလုပ်ရတာ ၀ါသနာပါတဲ့သူဆိုတော့ အဲ့အချိန်ကတည်းက မက်ကန်းနစ် ရောဂါပိုး က ကျွန်တော်ဆီမှာမသိမသာရှိခဲ့တာ ။
ကျွန်တော် ၉ တန်း ၁၀ တန်းမှာ ဘာမှရည်ရွယ်ချက်မရှိခဲ့ဘူး ။ ကျူရှင်တက်လိုက် ဂိမ်းဆော့လိုက်ပါပဲ ။ကျွန်တော် ထက် ကျွန်တော်ကို ပိုပြီး ဖြစ်စေချင်တဲ့သူက ကျွန်တော်အဖေလို.ပြောရမှာပဲ ။ သူက ဘီအီးဘွဲ. မရခဲ့လို. ကျွန်တော်ကို ဘီအီးဘွဲ. အရမ်းရစေချင်တာ ။ ကျွန်တော်ကို အရမ်းဖိအားပေးတာ ကျွန်တော် ၁၀ တန်းမှာ ကျွန်တော်ဆီမှာ ဂိုက်ဆရာ ၃ ယောက်ရှိတယ် ။ အဲ့အချိန်က ဂိုက်ဆရာမ ကို ခုချိန်ပြန်တွေးကြည့်ရင် တော်တော်လေးကို အားနာမိတယ် ။ ပြီးတော့ ကျွန်တော်က စာလုပ်ရင်မြန်တယ် ဒါပေမယ့် ရှမ်းတယ် သတိမေ့တက်တယ် ။ ကျွန်တော်သင်္ချာ ဆရာ ဆိုရင် ကျွန်တော်ကို သင်္ချာ ဂုဏ်ထူးမထွက်ဘူးလို. အာမခံထားတာ ။ :D ။
ကျွန်တော် ၁၀ တန်းအောင်တော့၂၀၀၃ အမှတ်က ၄၂၆ ဆိုတော့ အဲ့အချိန်က မဆိုးဘူးလို.တော့ပြောလို.ရပါတယ် ။
ကျွန်တော် အဖေက ဘီအီးတိုက်ရိုက်ရတဲ့ ရေကြောင်းတက္ကသိုလ် ကို တက်စေချင်လို. ကျွန်တော်လျှောက်ခဲ့တယ် ။ ဒါပေမယ့် ကျွန်တော် လွဲခဲ့တယ် ။ အဲ့ဒီနှစ်က ရေကြောင်းတက္ကသိုလ်အမှတ်ကို ၄၃၀ နဲ. ဖြတ်သွားတယ် ။ အဲ့ဒီချိန်မှာ ခံစားခဲ့ရတာ ကျွန်တော်ပေါ့ ၄ မှတ်နဲ. ရေကြောင်းတက္ကသိုလ် ပြုတ်သွားတာ အားလုံးကို ဆုံးရှုံးလိုက်ရသလိုပဲ ။
အဲ့ချိန်က ဘာရယ်ညာရယ်မဟုတ်ဘူး အိမ်မှာ မနေချင်တာနဲ. ဗိုလ်လောင်းလဲ ၀င်ဖြေမယ်လုပ်သေးတယ် … အကုန်လုံးဝိုင်းအားပေးလို. မဖြေလိုက်ပါဘူး ။ ကျွန်တော်ကိုယ်က ဂဏာငြိမ်တဲ့ကောင်မဟုတ်ပါဘူးလေ ။
ကျွန်တော် အဖေလဲ သြ၀ါဒတွေ ခြွေတာပေါ့ ။ နောက်ဆုံးမှာ သူပဲဆုံးဖြတ်ခဲ့တာ ။
ဂျီတီစီတက်ပြီး ဘီးအီး ဘွဲ.ရအောင်လုပ်ရမယ် …. နောက်ဆုံး စိတ်မပါရင်တောင် ဘီအီးဘွဲ.ရရင် မိဘကျေးဇူးဆပ်တယ်လို. သဘောထားပြီး လုပ်ပါတဲ့ ။ မေဂျာကလဲ သူရွေးလိုက်တာ မက်ကယ်နီကယ် ။
ဂျီတီစီ (သန်လျင်) - ဂျီတီအိုင်ပထမနှစ်နဲ. ဒုတိယနှစ်တွေက ကျွန်တော်ရဲ. စာကြိုးစားဆုံးနှစ်တွေပဲ …. Roll no ကလဲ ထိပ်မှာပဲ ။
ပျက်စီးတာက ဘီတက် ပထမနှစ် …. အောင်ရင်ပြီးရော ဆိုတဲ့ အတွေးနဲ. တင်ပျက်စီးခဲ့တာ ။ ကံကောင်းလို.အောင်ခဲ့တာ ။ အောင်ရုံလေးပဲ ။ တစ်ခုပဲ အောင်စရင်း ကြည့်ခဲ့တဲ့ နှစ်တွေထဲမှာ အဲ့ဒီတစ်နှစ်က ရင်အခုန်ဆုံးပဲ အောင်စရင်း ကို နောက်ဆုံးကနေ စကြည့်တာ ။ ငါသာ နည်းနည်းလေး ကံဆိုးရင် ကျပြီဆိုတဲ့ အတွေး နဲ. တင် … အောင်စရင်းမှာ ကိုယ်နာမည်လဲတွေ.ရော ပျော်လိုက်တာဗျာ ။
ဘီတက် ဒုတိယနှစ် ရောက်တော့ ကျွန်တော်က section B ရောက်သွားတယ် ။ သူငယ်ချင်းတော်တော်များများက section A မှာ … ပြီးတော့ A နဲ. B မှာက ဘီမှာက လူဆိုးတွေများတယ်လေ ။ ဒါပေမယ့် ပျက်စီးပြီးတဲ့ ကျွန်တော်က ထပ်ပြီး မပျက်စီးတော့ဘူးလေ ။ ကျောင်းမှာသာ လာပြီး အတန်းလစ်ချင်လစ်မယ် … ထန်းရည်ဆိုင်သွားချင်သွားမယ် ။ အိမ်မှာတော့ စာကို အမြဲလုပ်တယ် ။
နောက်ဆုံး ဖိုင်နယ် ဘီအီးနှစ် … တော်တော်များများ BE qualify မပါကြဘူး ။ (နောက်တော့ entrance စာမေးပွဲ နဲ.ပြန်ခေါ်ပါတယ်) ။ ကျွန်တော်က အောင်စရင်း သွားတောင်မကြည့်ဘူး ။ သူငယ်ချင်း ပြောထားလို. ပါတယ်ဆိုတာ ကြိုသိနေတာကိုး ။
နောက်တော့ ဘီအီးနှစ်မှာ ပျော်တာ အားမရလို. ME တောင် ဆက်တက်လိုက်သေးတယ် ။ ပျော်စရာ သံယောဇဉ်လေးကလည်း ကျောင်းမှာပဲရှိတာကိုး ။ အဲ့ချိန်မှာ ကုမဏီ တစ်ခု မှာ အလုပ်ဝင်နေဘီ တပတ် ၁ရက်ကို အစားထိုး အလုပ်ဆင်းပြီးတော့ ကျောင်းတက်တာ ။ နောက်တော့ ME ပထမနှစ်နဲ. တင် ကျွန်တော် နဲ.ပညာရေး ခဏနားခဲ့ရတယ် ။

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
အခြေခံ ပညာရေး စနစ်က ကောင်းပါတယ် ။ ဆရာဝတ် တပည့်ဝတ် ဆိုတာ မြန်မာနိင်ငံမှာပဲကြားဖူးတယ် ။ ဒါကလဲ မြန်မာ့ ဓလေ့ ကြောင့်ထင်တယ် ။ ဒါပေမယ့် ၁၀ တန်းအမှတ်တစ်ခုထဲနဲ. တက္ကသိုလ် ၀င်ခွင့် အလုံးစုံကို ဆုံးဖြတ်တာကိုတော့ မကြိုက်ဘူး ။
ပညာရပ်တခုကိုလေ့လာချဉ်းကပ်နည်းဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ အများကြီးလိုသေးတယ် ။


၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
ကျွန်တော်တယောက်ထဲ ခေါင်းနဲ.တော့ ပြည့်စုံမှာမဟုတ်လို. ပထမဆုံး သုတေသနအဖွဲ့ (ဘက်မလိုက်သော) ဖွဲ့မယ် ။ သုတေသန အဖွဲ.ကတင်ပြတဲ့ အရေးကြီးဆုံး အချက်တွေက ကနေ စပြီးလုပ်မယ် ။ အဲ … ဘားဂျက်လဲရှိမယ်ဆိုရင်ပေါ့ … :P

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
ကျွန်တော်က ဂူဂယ်မှာ ရှာရင်းနဲ.ရောက်လာတာ ၂၀၀၈ ကတည်းက အဲ့ဒီတုန်းက အဖွဲ.၀င် ၁၀၀ တောင်မပြည့်သေးဘူးထင်တယ် ။ ပေါက်တက်ကရ အလွဲတွေ ရေးရင်းနဲ.ပေါ့ ။
အမှတ်ရ စရာ ဆိုလို. ပထမဆုံး အကြိမ် ဖိုရမ် အလျှုမှာ အမ KPZ တို.အမ နေညို တို. သိုးကျောင်းသားတို. နဲ. ကိုယ်တိုင်ပါဝင်ခဲ့ရတယ် ။
ကြည်နူးစရာပါ ။

အေ၇ာ
05-10-2011, 01:08 AM
အစ်ကိုတို့ရေ အထက်မှာတော့ တစ်ဦးခြင်းစီ လွတ်လပ်စွာပြောဆိုကြတဲ့စကားသံတွေဖြစ်ပေမယ့် ပညာရေးနဲ့ပတ်သက်တာ ဆွေးနွေးဖလှယ်လျှင်လည်း ခွင့်ပြုနိုင်မယ်လို့ယူဆလို့ဝင်ရောက်ဆွေးနွေးခွင့်ပြုပါရှင်။



၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
ဒါပေမယ့် ၁၀ တန်းအမှတ်တစ်ခုထဲနဲ. တက္ကသိုလ် ၀င်ခွင့် အလုံးစုံကို ဆုံးဖြတ်တာကိုတော့ မကြိုက်ဘူး ။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ကြတာကို ပညာရေးစနစ်လို့ အေ၇ာတော့ မထင်မိပါဘူး။
ဘယ်အမှတ်က ဘာပဲမီတယ်၊ ဘယ်ကိုလျှောက်လျှင်မရဘူးဆိုတာတွေ မြင်ကြားသိရှိနေကြရပေမယ့် ပညာရေးဌာနက ထုတ်ဝေတဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဆိုတဲ့ စာစောင်တွေမှာ အမှတ်ပေါင်းဘယ်လောက်ရမှ ဘယ်တက္ကသိုလ်တွေလျှောက်ထားခွင့်ရှိတယ်ရယ်လို့ ကန့်သတ်မှုဖေါ်ပြတားမြစ်ခြင်း မရှိဘူးလို့ထင်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ အချို့သောကျောင်းတွေအတွက် အခါအားလျှော်စွာ ကျောင်းသားသစ်ခေါ်ယူတဲ့အခါမျိုးမှာတော့ အခြေခံပညာအဆင့်မှာ သင်္ချာဝါသနာပါထူးချွန်မှုနှင့် အင်္ဂလိပ်စာ လေ့လာနိုင်စွမ်းရည်မြင့်မားသူများကို မှန်းမျှော်ပြီး ဘာသာရပ်ရမှတ်တွေနှင့် စိစစ်ခေါ်ယူခဲ့တာမျိုးရှိဖူးတယ်လို့သိရပါတယ်။
ဒါပေမယ့် ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်ခြင်းအများစုဟာ လက်ရှိအနေအထားအရ ကျောင်းသားအရေအတွက် အကန့်အသတ်နှင့်ပဲလက်ခံနိုင်လို့ဖြစ်နိုင်ပါတယ်။
ဝင်ခွင့်စိစစ်မှုကို ဘယ်သူတွေက ဘယ်လို မူဝါဒတွေချမှတ်ပေးတယ် အသေအခြာမသိပေမယ့် အဲဒါဟာ ပညာရေးစနစ်မဟုတ်ပဲ ပညာရေးမှာမြင်တွေ့ရတတ်တဲ့ အဆင်မပြေမှုလေးတွေသာဖြစ်နိုင်ပါတယ်။ (အရေအတွက်နည်းနည်းပဲ လက်ခံနိုင်တဲ့ ပညာရေး တစ်ခုခုကို ၀ိုင်းဝန်းလျှောက်ထားသူများလွန်းလာလျှင် ရွေးချယ်စိစစ်ရန်တာဝန်ရှိတဲ့ အကြီးအကဲက လူအရေအတွက် နည်းနည်းပဲအကျုံးစေပြီး လူအများအပြစ်တင်ခံရခြင်းမှ လည်း လွတ်ကင်းနိုင်မည့်နည်းတစ်ခုအဖြစ် အမှတ်မြင့်မားသူကိုသာရွေးချယ်ဖို့ ၀ိနည်းလွတ် ဆောင်ရွက်လိုက်ကြတာလို့မြင်ပါတယ်။)


ပညာရပ်တခုကိုလေ့လာချဉ်းကပ်နည်းဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ အများကြီးလိုသေးတယ် ။
ပညာရပ်တစ်ခုကို လေ့လာချဉ်းကပ်နည်းဆိုတော့ လေ့လာသင်ယူဆည်းပူးနေသူတွေဖက်က လိုအပ်မှုတွေဖြစ်နေမလားတွေးမိပါတယ်။
သင်ကြားပို့ချသူများကတော့ ဒီလိုလေ့လာချဉ်းကပ်ရတယ်ဟု တစ်နည်းနှစ်နည်းလောက်ကို ဘောင်ကျဉ်းကျဉ်းအတွင်းမှ ပြသသင်ကြားကြမယ်မဟုတ်ဘူးလို့ယုံကြည်ပါတယ်၊ ပညာပေးသူ လူပုဂိုလ်အပေါ်လိုက်၍ မိမိစိတ်ကူးရှိသလို စီမံသင်ကြားခွင့် လက်ရှိပညာရေးစနစ်အတွင်းမှာပင်ရှိနိုင်ပါတယ်။



၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
ကျွန်တော်တယောက်ထဲ ခေါင်းနဲ.တော့ ပြည့်စုံမှာမဟုတ်လို. ပထမဆုံး သုတေသနအဖွဲ့ (ဘက်မလိုက်သော) ဖွဲ့မယ် ။ သုတေသန အဖွဲ.ကတင်ပြတဲ့ အရေးကြီးဆုံး အချက်တွေက ကနေ စပြီးလုပ်မယ် ။ အဲ … ဘားဂျက်လဲရှိမယ်ဆိုရင်ပေါ့ … :P

ပညာရေးသုတေသနအဖွဲ့ဆိုတာ ရှိပြီးသားဖြစ်နေတယ်လို့ အေ၇ာထင်ပါတယ်၊ ပညာရှင် အရေအတွက်ကနည်းပြီး ၀န်ထမ်းအရေအတွက်က များနေသလားတော့ မပြောတတ်ပါဘူး၊ ပညာရှင်ကတော့ အာဏာကိုမမက်သလို ကိုယ့်အလုပ်တာဝန်ဟာဘာလည်းသိရှိကြတဲ့အတိုင်း ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်တတ်ကြပါတယ်။ ဆုံးဖြတ်ခွင့်မရှိလျှင် အရေးပါတဲ့တာဝန်တွေကို အရာရောက်အောင် ထမ်းဆောင်နိုင်မယ့်အနေအထားမရှိတာကြောင့် ရေရှည်ပတ်သက်နေတော့မှာမဟုတ်ပါဘူး။

လေးစားစွာဖြင့်
အေ၇ာမေ

skhaung
05-10-2011, 11:38 AM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။

အမှတ်တရတွေကတော့ အများကြီးပေါ့
မှတ်မှတ်ရရ (ကျန်ခဲ့တဲ့ဒဏ်ရာ)
1980-81 သူငယ်တန်းစတက်တဲ့အချိန်၊ အတန်းပိုင်ဆရာမ ဘက်လိုက်ပြီး စာမကျက်ကြောင်း၊ ဘာမှမတတ်ကြောင်း မိဘတွေကို ပြန်တိုင်တဲ့စကားသံ၊ 1985-86 ငါးတန်း တောင်ဥက္ကလာပ (အလက-6)ကျောင်းစတက်ခါ၊ (အဲဒီအချိန်အထိ မြန်မာစကား ကောင်းကောင်း မပီသေးပါ) အင်္ဂလိပ်စာဆရာမ က(နားကြားမှားပြီး) “မင်းရိုင်းလှချည်လား၊ ဘာလူမျိုးလည်း” ပြန်မေးခံရတဲ့စကားသံ
မှတ်မှတ်ရရ (ကြည်နူးခဲ့ရတဲ့)
1984-85 စတုတ္ထတန်း တောင်ဥက္ကလာပ (အမက-၂) ကျောင်းတွင်း တတိယဆုယူတဲ့နေ့၊ 1986-87 ခြောက်တန်း စာသင်နှစ်များရဲ့ တစ်ရက် ကျောင်းစိမ်းမဝတ်လို့ ကျောင်းအုပ်ဆရာမကြီး အပြစ်ပေး(အရိုက်ခံရတဲ့နေ့)၊ အဲဒီတုန်းက အရမ်းဆင်းရဲပါတယ်၊ ကျောင်းစိမ်း ပုဆိုးတစ်ထည်တည်းရှိတာ သူခိုး အခိုးခံရလို့ ပျောက်သွားလို့ ရှိတဲ့ပုဆိုး ဝတ်သွားတာ၊ ဖြစ်ချင်တော့ ကျွန်တော်တို့အသင်း တာဝန်ကျတဲ့နေ့ ဖြစ်လို့ သန့်ရှင်းရေး လုပ် သောက်ရေခပ်တဲ့ အချိန် ( ရေတွင်း က ကျောင်းအုပ်ကြီး ရုံးခန်းရှေ့တည့်တည့်မှာပါ) ကျောင်းအုပ်ဆရာမကြီးနဲ့ တည့်တည့်တိုးပြီး အပြစ်ပေးခံရတာပါ၊ ကျောင်းသားအားလုံးရှေ့မှာ အရိုက်ခံရပါတယ်၊ နောက်တော့မှ ရုံးခန်းကို ခေါ်သွားပြီး ကျောင်းစိမ်း မဝတ်ရတဲ့ အကြောင်းရင်းမေးပါတယ်၊ အဖြစ်မှန်ကို ပြောပြတော့ (အဲဒီအချိန်မှာကြည့်တဲ့ ကျောင်းအုပ်ဆရာမကြီး ရဲ့ ဂရုဏာ မေတ္တာ အကြင်နာတွေပါတဲ့ မျက်လုံးအကြည့်မျိုး ကို အခုအချိန် ထိ ဘယ်သူ့ဆီမှာမှ ပြန်မတွေ့ခဲ့ရသေးပါဘူး) ပြန်ခိုင်းလိုက်ပြီး ခဏနေတော့ ဆရာမကြီးက အစည်းအဝေးခေါ်ပါတယ်၊ ကျောင်းဆရာ ဆရာမ တွေအားလုံး ကိုပေါ့၊ ညနေ ကျောင်းမဆင်းမီ အခြားအတန်းက အတန်းပိုင်ဆရာမ တစ်ဦးက ခေါ်ပြီး ညနေကျရင် အိမ်ကိုလာဖို့ ပြောပါတယ်၊ ညနေ အဲဒီ ဆရာမ အိမ်ကို သွားတော့ ကျောင်းစိမ်း (အဖြူ အစိမ်း) အင်္ကျီရော ပုဆိုးပါ သုံးစုံလောက်ပေးပါတယ်၊ နောက်နေ့တော့ အခြား ဆရာမတွေရော ဆရာတွေပါ၊ စာအုပ်၊ ဘောလ်ပင် နဲ့ ကျောင်းစိမ်း (ကျောင်းဝတ်စုံများ) ထောက်ပံ့ပေးပါတယ်၊ အဲဒီရက်က စကားတောင်မပြောနိုင်အောင် ကြည်နူး ဝမ်းသာခဲ့ရပါတယ်၊ (ပျောက်သွားတဲ့ ကျောင်းစိမ်း ပုဆိုးက အမေ ဘိတ် (မြိတ်) က ပြန်လာလို့ ဝယ်လာပေးတဲ့ ထိုင်းနိုင်ငံ ထုတ် အုန်းနှစ်ပင် တက်ထရွန် ပုဆိုးပါ၊ လေး ငါး ခြောက်နှစ်လောက် ဝတ်လဲ အရောင်မပျက် ခိုင်ခန့်တဲ့ပုဆိုးပါ၊ အဲဒီ ခုနှစ် ဝန်းကျင်က လူတွေ သိကြပါတယ်)၊ ဆရာမကြီး အမည်က ဒေါ်သန်းသန်းသွယ် ပါ။ နောက်ပြီး 10 တန်းမှာ ဘိုင်အို သင်တဲ့ဆရာမ၊ သင်္ချာ ဆရာမ၊ ရူပဗေဒဆရာမ၊ အတန်းပိုင် ဓါတုဗေဒ ဆရာမ၊ မြန်မာစာဆရာမ အားလုံးရဲ့ အားပေးမှု၊ ကျူရှင်မတက် နိုင်လို့ အဲဒီ ဆရာမတွေက ကျပ်မတ် သင်ပေးခဲ့လို့၊ ရူပဗေဒဆရာမ ဆိုရင် အိမ်ခေါ်ပြီး သင်ပေးတဲ့အပြင်၊ အိမ်ကိုလာဖို့ လမ်းစရိတ်၊ နေ့လည်စာ ကျွေးတဲ့အပြင် အပြန်လမ်းစရိတ်ပေး ပေးပါတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ 76 မှတ်နဲ့ ဂုဏ်ထူးမရခဲ့ပါဘူး၊ဘဝမှာ စိတ်လှုပ်ရှားစွာ အောင်စာရင်းကြည့်ခဲ့ရတဲ့ ရက်တွေကတော့ 1993 (10 တန်း) အောင်စာရင်းထွက်တဲ့နေ့၊ ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါလဲ သိချင်လို့ နဲ့ ( အဟီး တစ်ဘာသာပဲပါတယ်) GTI ဝင်ခွင့် အောင်စာရင်းနဲ့ (အဲဒီတုန်းက ဝင်ခွင့်ဖြေရပါတယ်)။ GTI နောက်ဆုံးနှစ် စာမေးပွဲ အောင်စာရင်း 1996 (ကျမှာ ကျိန်းသေနေလို့) ကံကောင်းစွာနဲ့ ကျတယ်လို့ တွက်ထားတဲ့ဘာသာ ကို 5မှတ် နဲ့ကပ်ပြီး (55) အောင်သွားလို့ ပျော်ခဲ့ရပါတယ်၊

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
စာမေးပွဲ အောင်ဖို့ သင်တာထက် တစ်ကယ်တတ်အောင် သင်နိုင်တဲ့ စနစ် ကို ပြောင်းလဲနိုင်မယ်ဆိုရင်၊ ကျောင်းသားတွေရော၊ မိဘတွေရော၊ ဆရာတွေရော (အုပ်ချုပ်သူတွေပါ) အဲဒါကို လက်ခံနိုင်တဲ့ စနစ်တစ်ခု ၊ စာရော လူမှုရေး၊ ကျန်းမာရေး၊အိမ်တွင်းမှုတွေပါ ဟိုတုန်းကလို သင်ကြားပေးနိုင်ခဲ့ရင်

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
(ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ မဲဆွယ် စကားလိုပဲ)၊ နိုင်ငံသားတိုင်း ဖုန်းကိုင်နိုင်စေရမယ်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရစေရမယ်၊ နေရာတိုင်း အင်တာနက် အသုံးပြုနိုင်စေရမယ်၊ ကုန်ဈေးနှုံး တည်ငြိမ်စေရမယ်၊ တစ်ကယ်သင် တစ်ကယ်တတ်တဲ့ ပညာရေး တွေ ဖြစ်လာစေရမယ်၊ အဝေးရောက်နိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာစေရမယ်၊(သူတို့ ဆန္ဒအလျှောက်)၊
မှတ်ချက်။ ။ အဲဒီလိုတွေဖြစ်ဖို့ (ဗျိုင်းနား ဘုရင်လို လုပ်မှ ရမယ်ထင်တယ်)

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
ကိုဇော် (zaw357.net)မှတစ်ဆင့် ဝင်ကြည့်မိရင်းက ရောက်လာတာပါ၊ မှတ်မှတ်ရရကတော့ အဲဒီ (http://myanmarengineer.org/forums/showthread.php?3527-ဗွီဒီယိုအခွေကူးခြင်းနဲ့ပါတ်သတ်ပြီး-ဆွေးနွေးကြရအောင်-....&p=47432#post47432)
topic လေးပါ။ အဲဒါနဲ့ ဒီဖိုရမ်ကို သံယောဇဉ်ဖြစ်ပြီး၊ အင်တာနက် အဆက်အသွယ် ရတဲ့ အချိန် နဲ့ အလုပ် အားလပ်တဲ့အချိန်တိုက်ဆိုင်တိုင်း ဝင်ရောက် ဆွေးနွေး ငြင်းခုန် နောက်ပြောင် နေခဲ့မိပါကြောင်း

အေ၇ာ
05-14-2011, 11:51 PM
၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
စာမေးပွဲ အောင်ဖို့ သင်တာထက် တစ်ကယ်တတ်အောင် သင်နိုင်တဲ့ စနစ် ကို ပြောင်းလဲနိုင်မယ်ဆိုရင်၊ ကျောင်းသားတွေရော၊ မိဘတွေရော၊ ဆရာတွေရော (အုပ်ချုပ်သူတွေပါ) အဲဒါကို လက်ခံနိုင်တဲ့ စနစ်တစ်ခု ၊ စာရော လူမှုရေး၊ ကျန်းမာရေး၊အိမ်တွင်းမှုတွေပါ ဟိုတုန်းကလို သင်ကြားပေးနိုင်ခဲ့ရင်

အစ်ကိုစိုင်းခမ်းရဲ့ အမြင်အရ စာမေးပွဲအောင်ဖို့သင်တယ်ဆိုတာမျိုးက ပညာရေးစနစ်ရဲ့မူဝါဒဖြစ်မယ်လို့ အေ၇ာမထင်မှတ်မိပါဘူးရှင်။
အေ၇ာရဲ့ အဖေက သင်္ချာဆရာဆိုတော့ ပညာရေးအကြောင်း ကြားဖူးထားတာလေးတွေနဲ့မတူပဲဖြစ်နေလို့ပြန်လည်ဆွေးနွေးမိတာဖြစ်ပါတယ်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ရယ်လို့ ခွဲခြားထားတဲ့ အခြေခံပညာရေးမှာ သင်ကြားတဲ့ပညာရပ်တွေမှာပင်လျှင် အကြောင်းတစ်ခုခုကြောင့် အခြေခံပညာရေးကိုတောင် ဆုံးခန်းတိုင်အောင်သင်ယူလေ့လာခွင့်မရသူများအတွက် သူရှေ့ဆက်လျှောက်လှမ်းရမယ့်ဘ၀လမ်းခရီးမှာ သင်ယူပြီးသမျှပညာအချို့က အထောက်အကူဖြစ်စေဖို့ဆိုတဲ့ရည်မှန်းချက်များ ပါရှိနေပြီးဖြစ်ပါတယ်တဲ့ရှင်။
ဒါကြောင့် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေနှင့် တက္ကသိုလ်/ကောလိပ်/သိပ္ပံ စသည်တို့မှာလည်းပဲ မူဝါဒကောင်းတွေ အသီးသီးရှိနေကြမယ်လို့ယုံကြည်မိပါတယ်။
အေ၇ာဆိုလိုတာက အထက်မှာကိုကြီးလည်းပြောခဲ့တဲ့
၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ ?

မြန်မာ့ပညာရေးစနစ်မှာ သင်ယူသူဖက်က၊ ယူတတ်ဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။ ပညာရေးစနစ်အနေနဲ့ပြောရရင်တော့ Vocational Education နဲ့ Academic Education တို့ဟန်ချက်ညီဖို့ လိုအပ်နေသေးသလို၊ ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦ Educational Infrastructure တွေအများအပြားဖြည့်သွင်းဖို့လိုအပ်နေသေးတယ်လို့ပြောချင်ပါတယ်။ ဆိုတာမျိုးကို အမြင်တူပါတယ်။
စာမေးပွဲအောင်ဖို့/ ထူးချွန်ဆုရစာရင်းဝင်ဖို့ဆိုတာတွေကို အဓိကအဖြစ်အလေးပေးတတ်သူအများစုဟာ အပြိုင်အဆိုင်ဝါဒတစ်ခုခုရဲ့သားကောင်ဖြစ်နေတဲ့ မိဘအချို့နှင့် သူတို့လောင်းရိပ်မိနေရှာတဲ့ သားသမီးများသာဖြစ်မယ်လို့ ထင်မိပါတယ်ရှင်။
အခုလိုပြောတော့ ဆရာ/ဆရာမ များထဲမှာရော အောင်ချက်ကောင်းဖို့ ပဒါနအဖြစ် ကြိုးပမ်းနေကြတာတွေကို မသိကျိုးကျွန်ပြုနေတာလားလို့ မေးမြန်းလိုကြမယ်ထင်ပါတယ်။
အေ၇ာအမြင်ကတော့ လူမကောင်းတာက တစ်ပိုင်း မူမကောင်းတာက တစ်ပိုင်း သပ်သပ်စီဖြစ်မယ်လို့မြင်ပါတယ်။
မူဝါဒအတိအကျကို လေ့လာဖေါ်ထုတ်ပြီး မူနှင့်မညီသောလူအချို့ အဘယ်ကြောင့် မူဝါဒကိုဟန်ချက်ညီအောင် အကောင်အထည်မဖေါ်နိုင်ကြတဲ့ပြဿနာရှိနေကြတာလဲ ခွဲခြားသုံးသပ်နိုင်ကြလျှင်အကျိုးရှိနိုင်မယ်လို့ထင်မြင်မိပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

William Paul
05-15-2011, 08:51 AM
တစ်ခြားမေးခွန်းတွေတော့ မဖြေတော့ပါဘူး...... နံပတ်(၂)မေးခွန်းကိုပဲ ကျွန်တော့်အမြင်လေးနဲ့ ဆွေးနွေးကြည့်ပါ့မယ်....... လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်.....

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
သင်ရိုးညွှန်းတမ်းတွေ မကြာခဏပြောင်းတတ်တယ်….. ဘာသာရပ်တွေ ခွဲလိုက် တွဲလိုက်ဖြစ်တယ်….. ဒါကိုလည်း ကောင်းတဲ့ဘက်ကို ဦးတည်သွားနေတာပဲလို့ ယူဆပါတယ်….. အရင်အတိုင်းပဲကောင်းတယ်ဆိုတဲ့ ရှေးရိုးကိုပဲ စွဲနေရင် ခေတ်နဲ့အညီ ဘယ်လိုက်နိုင်တော့မလဲ……. ခေတ်စနစ်ရဲ့ လိုအပ်ချက်အရ ပြောင်းကိုပြောင်းနေရမယ်….. အရင်ခေတ်ကလူနဲ့ အခုလူနဲ့ အခြေခံဗဟုသုတချင်းလည်း မတူတော့ဘူး…… တွေ့ဆုံရင်ဆိုင်ရမယ့် ပတ်ဝန်းကျင်လည်းမတူတော့ဘူး……. ရှင်သန်လှုပ်ရှားရုန်းကန်ရမယ့် အခြေအနေလည်း မတူတော့ဘူး….. လက်ရှိအခြေအနေ၊ လက်ရှိလိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းကိုပြောင်းနေရမယ်…….. ကျောင်းတွေမှာတော့ ဆရာဆရာမတွေရဲ့ လွှမ်းမိုးမှုတွေ လွန်ကဲနေတယ်….. ဆိုလိုတာက လူပုဂ္ဂိုလ်ကို အခြေပြုတဲ့ လွှမ်းမိုးမှုတွေကိုပါ……. စဉ်ဆက်မပြတ်အကဲဖြတ်ခြင်းတို့ မအောင်မနေရပညာရေးစနစ်တို့ရဲ့ အကျိုးသက်ရောက်မှုကိုတော့ ပြန်ဆန်းစစ်သင့်တယ်ထင်ပါတယ်…… ပညာတတ်အရေအတွက်လို့ မသုံးနှုန်းဘဲ စာတတ်မြောက်သူ အရေအတွက်လို့ပဲ သုံးနှုန်းထားတဲ့အတွက် စာဖတ်တတ်သူများနေတာကတော့ ဂုဏ်ယူစရာပါပဲ…… ကျောင်းသားဗဟိုပြုသင်ကြားမှုကို ဦးတည်သွားနေတာကိုလည်း လက်ကမ်းကြိုဆိုပါတယ်….. ဆရာဗဟိုပြုသင်ကြားခြင်းကို အရိုးစွဲနေတာကတော့ သေချာတယ်…… တက္ကသိုလ်အဆင့်မှာတောင် အပြန်အလှန်ဆွေးနွေးတာ အားနည်းနေသေးတယ်…… ဆရာသင်တာကို လိုက်နားထောင်ပြီး မရှင်းတာလေး ထမေးရုံနဲ့တော့ လုံလောက်မှာမဟုတ်ဘူး…… မြန်မာကျောင်းသားအများစုကလည်း ကိုယ့်သဘောထား အယူအဆကို ဆွေးနွေးပြောဆိုတာကို ရှောင်ကြတယ်ဗျ….. ဘယ်လိုဖြစ်တယ်တော့မသိဘူး…… သင်ခန်းစာတတ်ကျွမ်းနားလည်မှုကို စစ်ဆေးတဲ့အပိုင်းမှာလည်း အားနည်းနေတုန်းပဲ….. အတန်းပိုင်ဆီ (မဖြစ်မနေ) ယူရတဲ့ ကျူရှင်တွေ…. တက္ကသိုလ်အဆင့်အထိအောင်….. အပြန်အလှန်ကူးချနေတဲ့ Assignment တွေ၊ Tutorial တွေ၊ စာမေးပွဲတွေ…… ဒါတွေရှိနေသမျှတော့ ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းကို ဘယ်လိုစံနှုန်းနဲ့မှ တိုင်းတာဖော်ထုတ်လို့ရမှာ မဟုတ်ဘူး…… ခေတ်တွေ…. စနစ်တွေက အရာရာကို ထိန်းကြောင်းသွားတာမှန်ပါတယ်…… တကယ်လုပ်ရတာကတော့ လူတွေပဲ……. တော်တဲ့ထက်တဲ့သူတွေက ဖန်တီးရင်…. ကောင်းတဲ့ခေတ်…. ထိရောက်တဲ့ စနစ်ဖြစ်လာမှာပဲ…… ဖြစ်သလိုလုပ်တဲ့သူတွေများနေရင်…. ခပ်ချာချာခေတ်….. ခပ်ဖွာဖွာစနစ်ပဲဖြစ်နေမှာပဲ….. သူများတွေလုပ်တိုင်းလည်း လိုက်လုပ်စရာမလိုပါဘူး…. ကောင်းတာကို ယူမယ်….. မကောင်းတာကို ပယ်…. အစဉ်အလာဆိုတာ လူကလုပ်တာပဲလေ…….. မြန်မာနိုင်ငံပညာရေးစနစ်ကလည်း ထိုနည်းလည်းကောင်းပါပဲ….. ဖြစ်ရိုးဖြစ်စဉ်အတိုင်းသွားနေတာပဲ…… ကောင်းတာမကောင်းတာ….. ထိရောက်တာ မထိရောက်တာကတော့ အကောင်အထည်ဖော်နေတဲ့ သူတွေလက်ထဲမှာပဲရှိတယ်……

အေ၇ာ
05-15-2011, 09:14 AM
စကားသံ အတွက် မအားတဲ့ကြားက တဖန်ဆက်ဆွေးနွေးလိုပါသေးတယ်။
အထက်မှာ အေ၇ာပြန်လည်ဆွေးနွေးတာတွေအပေါ် ပညာရေးစနစ်က ကောင်းမွန်ပြီးပြည့်စုံနေတယ် လို့ပြောနေသလား အထင်မှတ်မှားနိုင်လို့ပါ။
အမှန်မှာ အဲဒီလိုလည်း မဆိုလိုပါဘူး။
အားနည်းချက်များ အဆင်ပြေချောမွေ့မှုမရှိခြင်းများ ရှိနေတာ ကိုအများနည်းတူ ရှုမြင်လက်ခံပါတယ်။
ဒါပေမယ့် အေ၇ာဆိုလိုတာက ဘာသာရေးတစ်ခုခုကို သက်ဝင်ယုံကြည်ကြတာချင်းအတူ ဘာသာဝင်များသဘောထားခံယူချက်နှင့် အပြုအမူများဟာ ယခင်နှင့် ယခု ကွာခြားချက်များ လူတစ်ဦးနှင့်တစ်ဦးကွာချားချက်များ ကြီးမားစွာရှိနေတာမျိုးလည်းတွေးရတတ်ပါတယ်။ တူညီစွာပြုမူနေသူတွေများပြားနေလျှင် အဲဒါသည်ပင်လျှင် အဆိုပါဘာသာရေးရဲ့ စနစ် အနှစ်သာရနှင့် လမ်းစဉ် လို့ အထင်မှတ်မှားနိုင်ဖွယ်ရာဖြစ်နေပါတယ်။
ဒါပေမယ့် ဒီလိုလည်းမဟုတ်သေးတာ သတိပြုမိကြမှာပါ။
အဓိကဆိုလိုရင်းက အမှားအယွင်းကို လက်ခံကျင့်သုံးနေကြသူတွေက မိမိတစ်နိုင်တစ်ပိုင်ကစပြီး ပြုပြင်နိုင်ဖို့လိုအပ်တာကို မီးမောင်းထိုးပြလိုတာဖြစ်ပါတယ်။

စာပေတွေထဲမှာ ဖတ်ရှုလေ့လာခဲ့ရဖူးခဲ့တဲ့ မှောင်ခိုပြဿနာတွေတုန်းကလည်း ဒီအတိုင်းပါပဲ။
မှောင်ခို ကုန်ပစ္စည်း၊ မှောင်ခို ရုပ်ရှင်လက်မှတ်၊ ကား`/ရထားလက်မှတ်၊ တွေကို စနစ်တစ်ရပ်အဖြစ် တာဝန်ရှိသူတွေက တီထွင်ကျင့်သုံးတာမဟုတ်သလို ဒီလိုမဖြစ်ဖြစ်အောင်တွန်းပို့ခဲ့တာလည်းမဟုတ်ပါဘူး။
အခြေအနေ အခက်အခဲတစ်ခုအပေါ် တောင့်မခံနိုင်ပဲ မိမိလိုဘပြည့်အောင် အလွယ်ဖြေရှင်းသူတွေ တစတစ များပြားလာပြီး ဖြစ်ပေါ်လာရတာလို့မြင်ပါတယ်။
အပြုသဘောအပြောင်းအလဲရရှိဖို့ အတော်ပဲကြိုးပမ်းတိုက်ဖျက်ခဲ့ကြရတယ်လို့ထင်ပါတယ်။
ပညာရေးမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုများအတွက်လည်း အတွေးတစ်စုံတစ်ရာရနိုင်မယ်လို့ မျှော်လင့်ချင်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

အေ၇ာ
05-15-2011, 01:55 PM
အစ်ကိုကြီး Paul ဆွေးနွေးတင်ပြတဲ့ ရှုထောင့်နှင့် အမြင်များအပေါ် စိတ်ဝင်တစားလေ့လာဖတ်ရှုမိပါတယ်။
အပြောင်းအလဲ အတွဲအခွဲ ကိစ္စတွေအပေါ် လူအများစုကပညာရေး စမ်းသပ်မှုအဖြစ်စွပ်စွဲတတ်ပေမယ့် အကိုကြီးအနေနဲ့ အကောင်းဖက်ဦးတည်သွားနေတာပဲလို့ ရှုမြင်ပေးနိုင်တဲ့အတွက်လည်း လေးစားမိပါတယ်ရှင်။

လူပုဂ္ဂိုလ်ကိုအခြေပြုတဲ့ ဆရာဆရာမတွေရဲ့လွှမ်းမိုးမှုလွန်ကဲတယ်ဆိုရာမှာ အဆိုပါ ဆရာဆရာမများအနေနဲ့ ပညာရေးဝန်ထမ်းအဖြစ် စနစ်တကျလေ့ကျင့်သင်ကြားမှုရရှိထားပြီးသားဟုတ်မဟုတ် ထည့်သွင်းသုံးသပ်ကြဖို့လိုမလား ဆက်လက် တွေးတောမိပါတယ်။
ပညာရေးအတွက် ဆင့်ပွါးသင်တန်း/ မွန်းမံသင်တန်း ၊ အလုပ်ရုံဝပ်ရှော့စတဲ့ နှီးနှောဖလှယ်မှု လောက်တောင် မရှိခဲ့ဖူးပဲနဲ့ ကိုင်ဆောင်ထားတဲ့ ဘွဲ့ဒီဂရီအပေါ်မူတည်ပြီး ပညာရေးဝန်ထမ်းအဖြစ်တာဝန်ပေးအပ်နေလျှင် အဆိုပါဆရာဆရာမများရဲ့ စွမ်းဆောင်ရည်အပေါ် သံသယရှိကြရမှာ သဘာဝကြပါတယ်။
(ဒါပေမယ့် ကျောင်းသားမိဘများ ရဲ့ အနေအထားက သူများတွေ စတာ့ဒီဂိုက် ထားကြတယ်တဲ့ဆို သူတို့လည်းထားဖို့ကြိုးစားပေးလိုက်လျှင် တာဝန်ကျေလှပြီထင်နေတတ်ပါတယ်။ ဒါဟာ သူတို့သားသမီးတွေ ဖြေဆိုရမယ့်စာမေးပွဲမျိုးကို လောလောလတ်လတ် ရင်ဆိုင်ဖြေဆိုခဲ့ပြီး ဂုဏ်ထူးများများ လက်တွေ့ရထားခဲ့တယ်ဆိုတာမျိုးကို ယုံကြည်ကိုးစား အားထားတဲ့သဘော သက်ရောက်နေပါတယ်။ ရေနစ်သူ ကောက်ရိုးမြှင်ဆွဲတဲ့အနေအထားလို့ မမြင်မိပါဘူး။)
အဲဒီလို မိမိသားသမီး ထူးချွန်ရမှတ်ရဖို့အရေးနောက်ကို ရူးသွပ်စွာလိုက်လျှောက်သူများနေလျှင် စာရိတ္တမခိုင်တဲ့ တာဝန်ရှိပညာရေးဝန်ထမ်းအချို့ကလည်း အခွင့်ကောင်းယူကာ ကိုယ်ကျိုးစီးပွါးအတွက် မသမာမှုတွေ လုပ်လာကြမှာပါပဲ။

စဉ်ဆက်မပြတ် အကဲခတ်တို့ ဘာတို့ အပြည်ပြည်ဆိုင်ရာမှာကျင့်သုံးနေကြတဲ့ စနစ်တွေ အေ၇ာတို့ဆီက မူလတန်းကျောင်းလေးတွေမှာစတင်ကျင့်သုံးလာကတည်းက ပြည်ပအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်အပံ့က အရေးပါနေသလား အတိအကျတော့ မဆိုတတ်ပါဘူး။ အဲဒီစနစ်အောင်မြင်ချင်လျှင် ပညာရေး အသုံးစားရိတ်မြှင့်ဖို့လိုမလားလို့တော့ တွေးတောမိပါတယ်။ သင်ထောက်ကူပစ္စည်းတွေများများလိုမယ်၊ စာသန်ခန်းတစ်ခုမှာလက်ခံရမယ့်ကျောင်းသားအရေအတွက်ထက်ကျော်လွန်နေတာမျိုးမဖြစ်သင့်သလို သင်ကြားသူတစ်ဦးချင်းစီဟာ သက်ဆိုင်ရာကျွမ်းကျင်မှုတစ်ခုစီကို ကိုယ်စားပြုတာမျိုးဖြစ်နေသင့်တာပါ။ ၀န်ထမ်း တစ်ဦးနှစ်ဦးထဲနဲ့ အလုံးစုံတာဝန်ယူနေရတာမျိုးမဖြစ်သင့်ဖူးလို့မြင်ပါတယ်။ (အချို့ပညာရေးစနစ်တွေမှာ ကျောင်းသားရဲ့ စာရိတ္တအပိုင်းကို နည်းပညာဘာသာရပ်ဆိုင်ရာဆရာ/ဆရာမက တာဝန်ယူစရာမလိုအပ်ဘူးလို့သိရဖူးပါတယ်။ ဥပမာ ခိုက်ရန်ဖြစ်ပွားတယ်/ ခိုးဝှက်မှုဖြစ်တယ်ဆိုလျှင် သက်ဆိုင်ဖြေရှင်းပေးမည့်အဖွဲ့အစည်း သီးသန့်ရှိနေမှာပါ)

အပြန်အလှန်ဆွေးနွေးမှုအားနည်းတယ်ဆိုရာမှာ ဆရာ/ဆရာမက လမ်းဖွင့်မပေးလို့ အားနည်းတာမျိုးလား/ ကျောင်းသူကျောင်းသားက မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာလား၊ အစဉ်အလာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရဲ့ လောင်းရိပ်အဖြစ် ဘေးပယောဂလား ၀ိုင်းဝန်းသုံးသပ်ပြုပြင်သင့်တယ်လို့မြင်မိပါတယ်။
အေ၇ာမြင်ဖူးတဲ့ တက္ကသိုလ်အဆင့်ကျောင်းသားအချို့ကတော့ လက်တွေ့စမ်းစပ်မှုတစ်ခုလုပ်ကြတယ်၊ သူတို့ လက်တွေ့ပြုလုပ်ပြီးသိလာတဲ့ အလွန်ရိုးစင်းတဲ့တွေ့ရှိချက်ကို သုံးသပ်တင်ပြဖို့ ချတ်တွေ ဂရပ်တွေ ဇယားတွေအကူအညီနဲ့ တင်ပြဖို့အရေးမှာ ဂရပ်ပုံရဲ့ စကေးကအစ တစ်ဦးဆီကတစ်ဦးပုံတူကူးချနေကြတယ်။ မတူအောင်ထားခွင့်ရှိမရှိ အခြေခံကို သူတို့မသိကြ မဆုံးဖြတ်တတ်ကြဘူးရှင်။ အဲဒီလို ကျောင်းတော်သားကြီးတွေ ဆရာနှင့် အချီအချမဆွေးနွေးဝံ့တာဟာ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ဆိုတာမျိုးဖြစ်နေမလား အေ၇ာတွေးတောမိပါတယ်။
အကောင်အထည်ဖေါ်သူနောက်က ဒရွတ်တိုက်လိုက်နေရတာမျိုးမဖြစ်သင့်သလို အကောင်အထည်ဖေါ်နေသူများအပေါ် ဓနအင်အား၊ အာဏာစသည်တို့ဖြင့် လွှမ်းမိုးချယ်လှယ်တာမျိုးတွေ ကင်းစင်ပပြောက်အောင် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း ဆက်လက်တွေးတောမိတာ တင်ပြလိုပါတယ်ရှင်။

လေးစားစွာဖြင့်
အေ၇ာမေ

mintunkyaw09
05-17-2011, 07:34 AM
:)၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
အမှတ်တရတွေကတော. အများကြီးပါပဲ………
ငယ်ငယ်တုန်းက ဥာဏ်ကောင်းလိုက် ကြိုးစားမှုနဲလို. လျော.သွားလိုက်နဲ…….
(ကိုယ်ရေး အချက်အလက်တွေကို ရေးပြနေရင် အလုပ်လျှေက်တဲ CV form ပုံစံဖြစ်နေမှာစိုးလို…..ဟဲဟဲ)
အမှတ်ရ စရာ ပြောရမယ်ဆိုရင် ဆယ်တန်းတုန်းက ဆရာတွေက အနဲဆုံး (၂) ဘာသာ မှန်းထားတဲ. အချိန်မှာ …..အောင်စရင်းထွက်တော. သူငယ်ချင်းက (၃) ဘာသာထွက်ပြီး ကိုယ်က တစ်ဘာသာထဲ ထွက်လို. ဆိုပြီး အမေက ငေါက်လိုက်တာ တစ်နေ.လုံး အိမ်အောက်ကို မဆင်းရဲဘူး (နောက်မှ အမေက ပြန်ပြောပြီး အခုတော. မိသားစု ပျော်စရာတစ်ခုအနေနဲ. တင်ကျန်ခဲ.တာပေါ. )……ညနေကြမှ သူငယ်ချင်းတွေ လာခေါ်လို. ပါသွားခဲ.ရတယ်………..
MTU ကျောင်း တက်တုန်းကလဲ စာမေးပွဲကနီး သိုင်းလောကစိန်ခေါ်သံ (နတ်ကလျာကလဲ ကောင်းနဲ.)ဆိုတော. ဇာတ်ကားလာရင်ပြေးကြည်.လိုက်….ကြော်ညာဆိုရင် အခန်းပြန် စာကြည်.လိုက်နဲ. …
နောက် စာမေးပွဲနီးတဲ. အချိန် ပါချုပ်က အဆောင်အပြင် မထွက်ရ အမိန်.ထုတ်ထားတာ ဘောလုံးပွဲကောင်းလို. (မန်ယူ-အာကြီး နဲ.တူတယ်…) ခိုးကြည်.တာ ပါချုပ်လိုက်လို. ပြေးခဲ.ရဖူးပါတယ်( သူများတွေဆို အလိလိ သွားနေတာ….ကိုယ်.ကျမှ တစ်ခါဆို ဆိုသလောက် ပါချုပ်နဲ. တိုးရတယ်လို…..… အင်း……. ကံဆိုးတာ…….)

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
စာမေးပွဲ အောင်တာထက်….တကယ်တော် တကယ်တတ်ပြီးတော… ကျောင်းသားတွေရဲ. ရင်ထဲ အထိ စွဲစွဲမြဲမြဲ သင်ပေးနိုင်တဲ. ပညာရေး စနစ်ကို သင်ပေးနိုင်ခဲ.ရင် ….လူသား အချင်းချင်း မေတ္တာ၊ ဂရုဏာ တွေ စာနာနားလည်ဖို…..ဘာသာရေး ကိုလဲ ကလေးတွေအရွယ်ကနေ တစ်ပတ် တစ်ချိန် အချိန်ပေးပြီးတော. ဘုရား ရှိခိုး တာတွေ သင်ပေးရင် အရမ်းကောင်းမှာ ပဲလို……….
အရင်တုန်းကလို YIT ကျောင်းဆင်းဆိုရင် ကုမ္မဏီ တစ်ချို.က တော်တဲ. ကျောင်းသားတွေကို ကျောင်းမပြီးသေးဘဲ လစာပေးပြီးခန်.နေပါပြီ (ကျောင်းပြီးရင် အခြားကုမ္မဏီ ပါသွားမှာစိုးလို..)…….အဲဒိတုန်းက YIT ဆိုတာ အိမ်နီးနားချင်း နိုင်ငံတွေက အထင်တကြီးနဲ. အိမ်ဖော်တွေနဲ. အတူ ကျောင်းလာတက်နေရတာပါ (ထိုင်းနိုင်ငံ အပါအ၀င်ပါပဲ )…အခုတော. ကျွန်တော်တို.က သူတို.နိုင်ငံကို ပြန်သွားတက်နေ၇ပါပြီ………………

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
အဓိက အားဖြင်. ကုန်ဈေးနှုန်း တည်ငြိမ် စေရမည်…..ကမ္ဘာ ကြီးနဲ. အဆက်အသွယ် စက္ကန်. မခြား သတင်း အဆက်အလက် မပြတ်လပ်၇အောင် အင်တာနက်ကို ကောင်းစေရမည်…….တကယ်တတ်သော ပညာရေး ဖြစ်ရမည်……
( ဂျပန် ၀န်ကြီးချုပ်လို. လုပ်နိုင်ရင် လုပ်မယ်…………ကိုယ်ပြောတဲ. အတိုင်း မဖြစ်ရင် သူ.လို.ပဲ စောစောစီးစီး နှုတ်ထွက်မယ်…..ဟဲဟဲ……..)

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
ဒိဖိုရမ်ကို သူငယ်ချင်းတစ်ယောက်က လမ်းညွှန်တာနဲ. ရောက်လာတာပါ…….ဖိုရမ်ကို စရောက်တုန်းက တောသား တစ်ယောက်လို ယောင်လည်လည်နဲ(ကိုယ်နဲ. သိတာ တစ်ယောက်မှ မရှိဘဲကို……..ဟဲဟဲ )..နောက်မှ ညီအစ်ကို မောင်နှတွေနဲ. နွေးထွေး ဆွေးနွေးရင်နဲ. အင်တာနက် ကောင်းတဲ. အချိန်တိုင်း၊ အလုပ်အားတဲ. အချိန်တိုင်း သိတဲ. ဟာတွေကို ပြောပြရင်း မသိတာကို ၀င်ရောက် မေးမြန်း ….ဆွေးနွေးမိပါကြောင်း………..

zinmaung
05-20-2011, 10:11 AM
၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။

ပညာရေး အတွေ့အကြုံဆိုတော့ .........ကျွန်တော်ရဲ့ အခြေခံပညာအထက်တန်းကို ကျွန်တော့်ရဲ့ အိမ်ရဲ့ အနီးနားမှရှိတဲ့ စာသင်ကျောင်းလေး တွေမှာ ပဲ ဖြတ်ကျော်ခဲ့ရပါတယ်။

ငယ်ငယ်လေးထဲက မိဘနဲ့ ခွဲပြီး မနေခဲ့ဖူးဘူး။
ကျောင်းတက်တုန်းက စာတော်တယ်ဆိုတဲ့ ကျောင်းသားစုထဲလဲ မပါဖူးပါဘူး။
အခြေခံပညာရေးကျောင်းသား ဘ၀ ကို ၀န်ထမ်းမိသားစုဆိုတဲ့ အနေအထားနဲ့ပဲ ဖြတ်ကျော်ခဲ့ပါတယ်။

University ဆိုတာနဲ့ ကျွန်တော်ရဲ့ တခါမှ မခွဲခဲ့ဖူးတဲ့အိမ်ကို စတင်ကျောခိုင်းခဲ့ရပါတယ်။
ပညာရေးကို အဓိကထားချင်ပေမယ့်လည်း တချို့ အပိုင်းတွေက ပညာရေးချည်းသက်သက် ဦးစားပေးလို့ မရတာတွေရှိနေတယ်။(ဥပမာ-လက်တွေ့လုပ်ငန်းခွင်သင်တန်းများ)

ဘ၀မှာ ကိုယ်လမ်းကိုယ်ထွင်မည်ဆိုတာထက်ကို လတ်တလောကာလရဲ့ အဆင်ပြေနိုင်မည်ဟု ထင်သော အရာ များကိုသာ လက်တွဲခဲ့ရပါသည်။

လက်ရှိ အချိန်ထိတော့ စာပေကို မဖတ်ချင်လဲ ဖတ်နေရတုန်းဆိုတော့ ခုချိန်ထိ ပညာသင်နေရတုန်းပါဗျာ......။
လောကကြီးမှာ ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းမှာထဲကကို ကိုယ်မသိတာတွေ တော်တော်များပါတယ်ဗျာ...။

ဒါပေမယ့် ဘာပဲလုပ်လုပ် ကံရယ် ၊ ဥာဏ်ရယ် ၊ ၀ီရီယရယ် လိုပါတယ်။
တချို့လူတော်တွေ စာမေးပွဲဖြေတာ စာလဲ သေချာမကြည့်ဖူး။ ဖြေလိုက်တိုင်း ဂုဏ်ထူးပါတယ်။ သူ့ ပါရမီကောင်းတယ် လို့ ဆိုရမလား။
သူ စာလုပ်တဲ့ Sense ကို လည်း အတုယူဖို့လဲ လိုပါဦးမည်။ ပါရမီ ဆိုတာကလည်း အကြိမ်ကြိမ် အထပ်ထပ် သင်ကြားလေ့လာထားလို့ ရလာတဲ့ Habitual Action တစ်ခုဟု ယူဆပါတယ်။

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?

ပညာရေးနဲ့ ပတ်သတ်ရင် အဲဒီပညာရေးကို ချုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းရဲ့ " စံ " သတ်မှတ်ချက်အတိုင်းလိုက်ရတာလဲ ရှိပါတယ်။
" စံ " သတ်မှတ်ချက် ဆိုရာ၌လည်း ဘယ်လို ရှုထောင့်ကနေတိုင်းတာ တွက်ချက်သည် ဆိုတာကလည်း ရှိနေပါသေးသည်။

ကိုယ်က အင်အားကြီးတယ် ဆိုရင်တော့ ကိုယ်လုပ်ချင်တာ ဖြစ်ဖို့များပါတယ်။

ကိုယ့်နိုင်ငံရဲ့ ရေမြေသဘာဝနဲ့ ကိုက်ညီမည့် သဘာဝသယံဇာတတွေကို ဖေါ်ထုတ်နိုင်မည့် ပညာရပ်တွေကို လိုက်မည်ဆိုရင်တောင် တော်တော်လိုအပ်ချက်တွေများနေဦးမည်ဟု ယူဆပါသည်။
မြေကြောရှုံ့ကာ အိုင်တီခေတ်ကို တက်လှမ်းချင်သပ ဆိုလျှင်တော့ အခြေခံ အဆောက်တွေတော့ တော်တော်လေးကို လိုအပ်နေပါသေးသည်။(ကဏ္ဍစုံကို ရည်ရွယ်ပါသည်။)
ပညာရေးဆိုလျှင် Art & Science လည်းမျှတရန်လိုသေးကြောင်း ဆွေးနွေးတင်ပြလိုပါသည်။

လေ့ကျင့်သင်ကြားခြင်း နှင့် တန်ဖိုး
ပညာရေး (Education) နှင့် လေ့ကျင့်သင်ကြားရေး (Training) သည် သင်ကြားရေးပိုင်းတွင် မတူညီသော နည်းစနစ်(၂)ခုဖြစ်ပါသည်။ ပညာရေး (Education) သည် လုပ်ငန်းခွင်အတွက် အခြေခံ ကျလှသော ဗဟုသုတ ၊ တန်ဖိုး ၊ ကျွမ်းကျင်မှု နှင့် သဘောထားတို့ပါဝင်ပါမည်။ လေ့ကျင့်သင်ကြားရေး (Training) သည် လုပ်ငန်းခွင် တစ်ခုအတွက် သီးသန့်လိုအပ်သော အရည်အသွေး အရည်အချင်းကို ရရှိစေရန် ရည်ရွယ်သော သင်ကြားမှုမျိုး ဖြစ်ပါသည်။

ပညာရေး နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု
Technian တို့သည် သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက်ဖြစ်သော ပြုပြင်ထိန်းသိမ်းမှု ၊ ရုံးလုပ်ငန်းကိစ္စရပ်များ ၊ ဒီဇိုင်းကိစ္စရပ်များ၌လည်းကောင်း ၊ သက်ဆိုင်ရာ လုပ်ငန်းအသီးသီး၏ အခြေခံကျသောလုပ်ငန်းများ၌ လည်းကောင်း လုပ်ကိုင် ဆောင်ရွက် နိုင်ရေး အတွက် အခြေခံ ဗဟုသုတတော့ ရှိပြီးသားဖြစ်ရပါမည်။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။

ကိုယ့်မှာ ကိုယ်တိုင်ရုန်းနိုင်တဲ့ အင်အားမရှိသေးခင်တော့ Cloning လုပ်ဖို့ နိုင်ငံတကာရဲ့ ပညာရေးတွေကို ကိုယ့်ပြည်ထဲ ၀င်လာအောင်ဖိတ်ခေါ်ဖို့ လိုမည်ဟု ယူဆပါသည်။
ပညာတော်သင် လွှတ်တယ် ဆိုတာထက် University နဲ့တွဲ့တဲ့ Industrial ပိုင်းဆိုင်ရာတွေပါ ၀င်ရောက်လာရင် Applied လဲ ပိုဖြစ်ပါမည်။
အလုပ်နဲ့ ပညာရေးတွဲလုပ်တော့ အခြေခံ လူတန်းစားတွေအတွက် ပိုမိုအဆင်ပြေစေမည်ဟု ယူဆပါသည်။

University တွေကိုလေ သက်ဆိုင်ရာ Field အလိုက်လေးကို Specialized သင်ပေးတယ်ဆိုရင် အလုပ်ခွင်ထဲ ၀င်တဲ့အခါကျတော့ OJT ကာလ ကို သိပ်မပေးရတော့ဘူးပေါ့။

ပညာရေးတိုးတက်တယ်ဆိုတာထက် တမျိုးသားရဲ့ ဘယ်အတိုင်းအတာအထိ လိုက်လာနိုင်လဲ ဆိုတာက ပိုအရေးပါမည်ဟု ယူဆပါသည်။
နိုင်ငံတခုထဲမှာ နေထိုင်တဲ့ လူတန်းစားများရဲ့ အခြေခံပညာရေး ကိုအဓိကထားရပါမည်.။

အဆင့်မြင့်တာတွေကတော့ လိုက်နိုင်တဲ့ လူတန်းစားတွေက အပြိုင်ကို ကျဲနေကြတာဂလား?

အသုံးလုံးကျေတာကို မြန်မာ့ပညာရေးကွ ဆိုပြီး ဂုဏ်ယူနေမည့်အစား တို့နိုင်ငံမှာ Internet ကို လူဦးရေရဲ့ ဘယ်လောက် ရာခိုင်နှုန်းထိ ကောင်းကောင်းသုံးနေနိုင်ကြောင်း စာရင်းတင်ပြကာ ဂုဏ်ယူစေ့ချင်ပါသည်။ (ဖြစ်စေချင်ပါသည်။)

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?

ကျွန်တော့် သူငယ်ချင်းဖြစ်တဲ့ တစ်ယောက်က မိတ်ဆက်ပေးတာနဲ့ ပထမဆုံး ၀င်ဖြစ်တဲ့ ဖိုရမ်ပါ။ မြန်မာအင်ဂျင်နီယာဖိုရမ် ကိုရောက်မှပဲ မြန်မာ လက်ကွက်ကို စတင်လေ့လာခဲ့ပါတယ်။

ဖိုရမ်ကို လာလည်ကြတယ်။ အချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးရှိကြတာလဲရှိတယ်၊ ကတောက်ကဆဖြစ်ပြီး ထွက်သွားတဲ့သူတွေလဲ ရှိတယ်။ (အဲလို ခွဲခွာမှုမျိုးကိုတော့ စိတ်မကောင်းပါဘူး။)
ဒါပေမယ့် အားလုံးက ဖိုရမ်နဲ့ ပတ်သတ်ရင်တော့ သံယောဇဉ်ရှိကြတယ် ဆိုတာလေးတော့ အမှတ်ရနေမှာပါ။

ကျွန်တော့်၏ ဆွေးနွေးတင်ပြချက်များကို တင်ပြခွင့်ရသည့်အတွက် ကျေးဇူးဥပကာရ တင်ရှိကြောင်း ပြောကြားလိုပါသည်...။

htinlin
05-21-2011, 08:54 PM
စာမူဖောင်ပိတ်ရက်တော့်ကျော်လွန်သွားပေမယ့် မတတ်နိုင်ပါ။ အခုမှထည့်ဖြစ်ပါသည်။ ကျနော့်နေရာနဲ့ ဆိုင်နဲ့  (၇)မိုင်ကျော်ခရီးကို ဆိုင်ကယ်နဲ့  လာရပြီး မိုးလေမသာ ရာသီဥတုမကောင်းသောအကြောင်းနှင့် အလုပ်များနေသော အကြောင်းတို့ ကြောင့် နောက်ကျနေခဲ့ရပါသည်။
-------------------------------------

၁။ သင်ကြုံတွေ့ခဲ့ရတဲ့ ပညာရေးအတွေ့အကြုံ ၊ (သို့မဟုတ်) အမှတ်တရများကို ပြောပြပါ။
- အစိုးရအစီအစဉ်နဲ့ တရုတ်နိုင်ငံမှာ (၁၁) လ လောက်ကြာတဲ့ အင်ဂျင်နီယာနဲ့ ဆိုင်တဲ့သင်တန်းတစ်ခုကိုတော့ သွားပြီးတက်ခဲ့ဘူးပါတယ်။ နိုင်ငံတကာ ပညာရေးစံနှုန်းအရကြည့်ရင် တရုတ်ပြည်ရဲ့ ပညာရေးသင်ကြားမှု စနစ်ဟာ ရှေးရိုးစနစ် ဆရာကိုဗဟိုပြုသင်ကြားနည်းဆန်သေးတယ်လို့ ဝေဖန်ထားတာကို စာအုပ်တွေမှာ ဖတ်ဘူးပါတယ်။ သို့ သော်လည်းပဲ သင်ထောက်ကူပစ္စည်းရရှိမှု၊ စာအုပ်စာတမ်း စာကြည့်တိုက်ကောင်းစွာရှိမှု ၊ အားကစားနဲ့ပတ်သက်တဲ့ နေရာတွေရှိမှု နဲ့  ကျောင်းသား ကျောင်းသူ တွေရဲ့ လေ့လာမှုပုံစံ တွေဟာ ကျနော်တို့ နိုင်ငံထက် အတော်လေး သာလွန်နေတယ်။ ဒါတောင်မှ ကျနော်တို့  နေခဲ့ရတဲ့ မြို့ ဟာ မြို့ သိမ်မြို့ မွှား၊မြို့  ကမျောက်ကချောက် လေးပါပဲ။ အဲဒီမြို့ လေးက စိုက်ပျိုးရေးကောလိပ် ဆိုတဲ့ကျောင်းကို တစ်ခေါက်ရောက်ဘူးပါတယ်။ မြို့  ကလေးတစ်ခုထဲက ကောလိပ်ပါမွှားလေးပေမယ့် ကျောင်းအဆောက်အဦဖွဲ့ စည်းမှု၊ ကျောင်းဝင်းထဲကလမ်းတွေ၊ မျက်စိပသာဒဖြစ်စရာ ပန်းခြံတွေ၊ အထူးတလည် ဒီဇိုင်းပုံစံနဲ့  အဆောက်အဦတွေ ၊ရင်ပြင်တွေ စတာတွေဟာ ကျနော်တို့ ရဲ့နိုင်ငံက တက္ကသိုလ်အမည်ခံ ကျောင်းတွေ နဲ့  နှိုင်းယှဉ်လိုက်ရင် အင်မတန်ကွာခြားပါတယ်။ အဲဒီကောလိပ်မှာ English Corner လို့ ခေါ်တဲ့  နေရာကလေးတစ်ခုကို သတ်မှတ်ထားပါတယ်။ အဲဒီနေရာမှာ ကျောင်းသားကျောင်း သူတွေဟာ အင်္ဂလိပ်လို ပြောဆိုကြတယ်လို့  ဆိုပါတယ်။ အဲဒီလိုမျိုးမြင်တွေ့ကြားသိရတော့ အားကျတဲ့စိတ်၊ ကိုယ်နိုင်ငံမှာလဲ ဒီလိုအခြေအနေမျိုးတွေ မြင်ချင်လိုက်စမ်းပါဘိ ဆိုပြီး တောင့်တမိခဲ့ပါတယ်။ အချိန်ရရင်တော့ ဆောင်းပါးလေး တစ်ပုဒ်လောက်တော့ သီးသန့် ရေးချင်ပါသေးတယ်။

၂။ မြန်မာ့ပညာရေးစနစ်ကို သင်ဘယ်လို ရှုမြင်ပါသလဲ?
- ကျနော်အနေနဲ့  သိပ်ပြီး အားမရပါ။ လက်လှမ်းမီသလောက် အနီးအနားမှ GTU ကျောင်း များကို စနည်းနာကြည့်ရာ Library များတွင် အင်ဂျင်နီယာကျောင်းနှင့် ထိုက်တန်သော Referance စာအုပ်ကောင်းများမရှိကြောင်း၊ လက်တွေ့ပိုင်းအားနည်းကြောင်းစသည်ဖြင့် ကြားသိရပါတယ်။ ကျောင်းအခွံသာ ရှိသည့်သဘောဖြစ်ပါသည်။ စိတ်မကောင်းပါ။
ပညာရေးနဲ့ ပတ်သက်လို့  ရှေ့က ဖိုရမ်မိတ်ဆွေများ ဆွေးနွေးခဲ့ကြတာတွေမှာ သဘောတူတဲ့အချက်တွေ တော်တော်လေးများပါတယ်။ မအေရာမေ လဲ တော်တော် လေးကို စဉ်းစားပြီး ဆွေးနွေးခဲ့တာတွေ့ပါတယ်။ ၀ိုင်းဝန်း ဦးနှောက်စား ဆွေးနွေးခဲ့ကြတာ ကျေးဇူးတင်စရာပါပဲ။ ဖိုရမ်တစ်ခုရဲ့ အနှစ်သာရကို ပေါ်လွင်စေပါတယ်။
ကျနော် အာရုံကျတဲ့ တခြားမေးခွန်းတွေကိုပဲ ပိုပြီး ဆွေးနွေးကြည့်ပါမယ်။

၃။ အကယ်၍သင်သာ လုပ်ပိုင်ခွင့်ရှိခဲ့လျှင် ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်လာဖို့  ဘာတွေကို လုပ်မလဲ။
တိုင်းပြည်တစ်ပြည်အတွက် စဉ်းစားလုပ်ကိုင်ရတယ်ဆိုတာ ဘေးကနေ ဝေဖန်နေတာ လွယ်ကူသလောက် တကယ်တမ်း စဉ်းစားကြည့်ရင် တော်တော် မလွယ်တဲ့ ကိစ္စပါပဲ။ လုပ်ရမှာကတော့ အများကြီးပါပဲ။ ကျနော့်ရဲ့ မလောက်လေးမလောက်စား ဥာဏ်တစ်ထွာတစ်မိုက်ကလေးနဲ့  စဉ်းစားကြည့်တာပေါ့လေ။ ကျနော် ဥာဏ်မီသလောက် ပြောရရင် ...
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားအားလုံးသွေးစည်းချစ်ခင်ရေးကိစ္စကို အရေးကြီးတဲ့ ကဏ္ဍအဖြစ်ဆောင်ရွက်ရမယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မီဒီယာကဏ္ဍ အစုံကနေပြီး ဆောင်ရွက်ရမယ်။ (ဒီကိစ္စမှာ သမ္မတရဲ့ စည်းရုံးရေးစွမ်းရည် နဲ့ ပရိယာယ်တွေ အများကြီးအရေးကြီးတယ်။ နားလည်ယုံကြည်မှု အပြန်အလှန်ရရှိ မှသာ မျိုးမဆုံးနိုင်တဲ့ တိုက်ပွဲတွေနဲ့ သေကြေပျက်စီးမှုတွေ နိဂုံးချုပ်မယ်။)
- ကဏ္ဍစုံလင် ပညာရှင်အစုံအလင်ပါတဲ့ အကြံပေးအဖွဲ့ ကိုဖွဲ့ မယ်။
- ၀န်ကြီးဌာနတွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ရုံးလုပ်ငန်းတွေမှာ ပိုပြီးမြန်သွက်လက်နိုင်မယ့် နည်းလမ်းတွေကို ပြန်လည်ညှိနှိုင်းဆောင်ရွက်မယ်။ မလိုအပ်တဲ့ ကြန့် ကြာမှု တွေမဖြစ်အောင် ပြန်လည်လုပ်ဆောင်ရမယ်။ ကြိုးနီစနစ် ဆန်တဲ့ရုံးလုပ်ငန်းစနစ်တွေရှိနေရင် ပြန်လည်ပြုပြင်ရမယ်။ အဲလိုပြုပြင်ရာမှာ ပေါ်ထွက်လာတဲ့အကျိုးဆက်တွေကို လေ့လာစောင့်ကြည့်တဲ့ စနစ်တွေလုပ်ရမယ်။
- လာဘ်ပေး လာဘ်ယူမှု ၊မသမာမှု၊ခြစားမှု စတာတွေကိုဖျောက်ဖျက်ဖို့ ဆောင်ရွက်ရမယ်။ အဲဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ပြည်သူတွေဆီကနေ ပြန်လာတဲ့ Feed back တွေကို လက်ခံနားထောင်ဖို့ အဖွဲ့ လိုအပ်တယ်။
- ပြည်သူတွေဆီက Information တွေရရှိဖို့  အစိုးရနဲ့ ဆက်သွယ်နိုင်မယ့် E-mail တွေ ထားရှိမယ်။
- ငွေကြေးခိုင်မာမှု၊ အာမခံချက်ရှိမှု ၊ ငွေကြေးတည်ငြိမ်မှု နဲ့  ငွေကြေးနဲ့ ပတ်သက်တဲ့ စနစ်တွေ၊ အစိုးရဘဏ်စနစ်တွေကို update ဖြစ်အောင်ပြန်လုပ်ရမယ်။ (စီးပွားရေးပညာရှင်များရဲ့ အကြံဥာဏ်များ၊ သုံးသပ်ချက်များနဲ့  လုပ်ဆောင်ရမယ်။)
- လူသားအရင်းအမြစ်ဖြစ်တဲ့  ပညာရေးဖွံ့ဖြိုးမှုကို အရေးတကြီး အနေနဲ့ လုပ်ဆောင်ရမယ်။ ပုဂလိက တက္ကသိုလ်တွေ၊ ကျောင်းတွေ နဲ့ ပတ်သက်လို့  ပြန်လည်ညှိနှိုင်း လုပ်ဆောင်မယ်။
- ပြည်သူအားလုံးရဲ့ အသိပညာမျက်စိပွင့်ကျယ်ရေး၊ ဥာဏ်အမြင်ထက်သန်လာရေး ဟာလည်း အခြေခံလိုအပ်ချက်တစ်ခုပါပဲ။ တီဗီတွေ၊ရေဒီယိုတွေ၊စာနယ်ဇင်း မီဒီယာအစုံ ကနေ ပြည်သူတွေရဲ့ အတွေးအခေါ်တိုးတက်စေဖို့ ကို တဖြည်းဖြည်း ပညာပေးလေးတွေလုပ်သွားရမယ်။
- တခြားနိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အသိပညာရှင်၊အတတ်ပညာရှင်တွေကို ကိုယ့်နိုင်ငံကို ပြန်လာနိုင်အောင် လုပ်ပေးရမယ်။
- နိုင်ငံတော်ရဲ့ အခြေခံအဆောက်အဦ Infrastructure တွေကို အသစ်တည်ဆောက်တန်တာ တည်ဆောက်၊ Maintenanceလုပ်တန်တာ လုပ်ရမယ်။ ဥပမာ - ရန်ကုန်မြို့ တွင်း ရေဆိုးထုတ် မြောင်းစနစ်များကိုပြုပြင်ခြင်း၊ အမှိုက်သိမ်းစနစ်တွေကို ပိုကောင်းအောင်အဆင့်မြှင့်ခြင်း၊ ဓာတ်အားပေးလိုင်းစနစ်များ ပြင်သင့်တာပြင်ဆင်ခြင်း…. အများကြီးပါပဲ။
- ဒီလိုတည်ဆောက်ပြုပြင်မှုတွေပြုလုပ်တဲ့ အဖွဲ့ အစည်းတွေ ၊အလုပ်လက်ခံခဲ့တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်း Quality တွေကို ပြန်လည်စစ်ဆေးဖို့ လည်းအရေးကြီးပါတယ်။ Quality Control Organization တွေကနေ Q.C Pass မပေးရင် စစ်ဆေးအရေးယူမှုတွေပြုလုပ်ရပါမယ်။
- အဲ့ဒီလို အခြေခံလိုအပ်ချက်တွေ တည်ဆောက်ဖြည့်ဆည်းဖို့ ရာ အဓိက လိုအပ်တာကတော့ နိုင်ငံ့ဝင်ငွေရရှိရေးပဲ။ ဒါကတော့ အရေးကြီးတဲ့အပိုင်း ၊ အဓိကကျတဲ့အပိုင်းပါပဲ။ တစ်စုံတစ်ခုရရှိဖို့ ရာ၊ တစ်စုံတစ်ခုပေးဆပ်ရပါတယ်။ ဒါဟာ Thermodynamic 1st Law နဲ့ နှိုင်းယှဉ်စဉ်းစားလို့ ရပါတယ်။ ဒီတော့ ကျနော်တို့ ပိုက်ဆံရဖို့ ရာ တစ်ခုခု ဘာကိုပေး နိုင်လဲ။ စင်္ကာပူ နိုင်ငံကတော့ သဘာဝအရင်းအမြစ်ချို့ တဲ့လေတော့ ပညာရေးကိုပဲ အရင်းအနှီးပြု၊ ပညာရှင်တွေမွေးထုတ်၊ လူသားအရင်းအမြစ်တွေကိုပဲ ထုတ်ကုန်သဖွယ် သဘောထားပြီး အရင်းအနှီးပြု ၀င်ငွေရှာပြီး ချမ်းသာလာတယ်လို့ ဆိုပါတယ်။ သဘာဝသယံဇာတပေါတဲ့  နိုင်ငံတွေဟာ အဲဒီသူ တို့ ထွက်တဲ့  သယံဇာတတွေကပဲ ထောင်ချောက်သဖွယ်ဖြစ်ပြီး နိုင်ငံကိုပြန်ပိတ်မိနေတတ်တယ်… သယံဇာတကြောင့်ပဲ ပြဿနာတွေဖြစ်၊ နိုင်ငံမငြိမ်မသက်ဖြစ်ရတယ်လို့  သုတေသနစာတမ်းတစ်ခုမှာဆိုထား ကြောင်း Voice Journal မှာဖတ်မိပါတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်မှုကို ဆန်းစစ်တိုင်းတာတဲ့  parameters အချက် (၁၄) ချက် လား၊(၁၂)ချက်လား မသိပါဘူး…ကျနော်လဲ ဖတ်ခဲ့ပြီးတော့ ၀ါးတားတားဖြစ်နေပါတယ်။ စာပေဟောပြောပွဲတစ်ခုမှာလဲ စာရေးဆရာမ “ဂျူး” ကပြောပြခဲ့ဘူးပါတယ်။ ခုနကပြောတဲ့အချက်က အဲဒီအချက်တွေထဲက (၁) ချက်ပါ။ ဆိုတော့ကာ ကျနော်တို့မှာ ပိုက်ဆံရနိုင်မယ့် ရင်းနှီးမြှုပ်နှံစရာ ဘာတွေရှိလဲ…။
- သဘာဝအရင်းအမြစ်ဖြစ်တဲ့ - မြေ၊ ရေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ကျောက်မျက်၊ရေထွက်ပစ္စည်း စတာတွေ… (၄င်းကဏ္ဍများမှသာ နိုင်ငံဝင်ငွေရှိမှုများ နေသည်။ သို့ သော် သဘာဝသယံဇာတ ရောင်းချ၍ ၀င်ငွေရှာမှုမှာ ရေရှည်တွင်မကောင်းနိုင်)
- လူသားအရင်းအမြစ် ------------------ (သိပ်မဟန်သေး)
- နိုင်ငံခြားကို တင်ပို့ နိုင်မယ့် ထုတ်ကုန်များ၊ နိုင်ငံသား /နိုင်ငံခြား ရင်းနှီးမြှုပ်နှံသော စက်မှုလုပ်ငန်းများ ------(စီးပွားရေးပိတ်ဆို့ခံထားရခြင်း အချက်တစ်ချက်ရှိ နေသည်။ ထို့ ကြောင့်ပြည်ပမှအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလာမှုများ တွန့် ဆုတ်နေသည်။ အနီးအနား အာရှ၊အရှေ့တောင်အာရှနိုင်ငံများမှသာ ရင်းနှီးမြှုပ်နှံမှုများနေသည်။)
- အခွန် -------------------(ဤကဏ္ဍနှင့်ပတ်သက်၍သိပ်မသိပါ။ )
- စီးပွားရေးဆိုင်ရာမူဝါဒများမှာ အလွန်အရေးကြီးပါတယ်။ ရေရှည်ကို မျက်စိတဆုံးမျှော်တွေးဖို့ လိုပါတယ်။ ပိုက်ဆံမရှိဘူးဆိုတိုင်း ရှိတဲ့ ကျွန်းသစ်များ၊ ကျောက်မျက်ရိုင်းများ ကို ထုတ်ရောင်း၍မဖြစ်ပါ။ အထူးသဖြင့် နိုင်ငံခြားနှင့်တွဲ၍လုပ်မည်ဆိုတဲ့ လုပ်ငန်းများကို အထူးသတိပြုရပါမယ်။ လူဆိုသည်မှာ “အမျိုးသားအကျိုးစီးပွား” အရ ကိုယ့်အကျိုးကို သာရှေးရှုကြ မှာပါပဲ။ ဥပမာ - တရုတ်လုပ်ငန်းရှင်ဟာ တရုတ်နိုင်ငံမျက်နှာကိုသာ ကြည့်မှာပါ။ ကိုယ်လာပြီးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံအကျိုးအတွက် ဆိုပြီးတော့ ထည့်သွင်းစဉ်းစား မှုဟာ (% ) အတော် နည်းလိမ့်မယ်။ ရော်ဘာစိုက်ကွက်၊ ဆီအုန်းစိုက်ကွက်တွေဖော်ထုတ်ကြမယ် … ဆိုပြီးရောက်လာတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာပြည်က သစ်တောတွေကို စိုက်ခင်းအတွက် ခေါင်းစဉ်အောက်မှာခုတ်လှဲပစ်ကြတာတွေအများကြီးပါပဲ။ သဘာဝတောရိုင်းတွေပြုန်းတီးပြီး၊ တိရစ္ဆာန်တွေရဲ့ ဂေဟဗေဒစနစ် (Ecological System) တွေပျက်စီးလာနေတာတွေများနေပါပြီ။ အဲဒါတွေကိုလည်း ထိန်းသိမ်းနိုင်တဲ့ စီးပွားရေး မူဝါဒတွေချမှတ်ရပါမယ်။
နိုင်ငံအနေနဲ့ ပိုက်ဆံရဖို့ ရည်ရွယ်ချက်နဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတဲ့နေရာမှာ ငွေရဖို့ တစ်ခုအတွက်သက်သက်ပဲ မကြည့်သင့်ပါဘူး။ ဥပမာအားဖြင့်ပြော ရရင် ရေနက်ဆိပ်ကမ်းဆောက်ဖို့ ကိုပဲလက်ခံခဲ့ပြီး ရေနက်ဆိပ်ကမ်းဆောက်ရင်ဖြစ်ပေါ်လာလေ့ရှိတဲ့ ပတ်ဝန်းကျင် ရေ၊မြေ၊လေ ညစ်ညမ်းမှုတွေကို ထည့်သွင်းမစဉ်းစားခဲ့ရင် နောင်တစ်ချိန် သားစဉ်မြေးဆက် ဒုက္ခရောက်ဖို့ ဖြစ်လာနိုင်ပါမယ်။

- မူဝါဒ တစ်ခုကိုမချမှတ်ခင် ဘက်စုံထောင့်စုံ လေ့လာသုံးသပ်ပြီး ချမှတ်ရပါမယ်။

- အထက်က ကျနော်ပြောခဲ့တဲ့ အချက်တွေဟာ တစ်ခုပြီးမှတစ်ခု လုပ်ရတာထက်၊ တပြိုင်နက်ထဲမှာ ဖြန့် ခွဲပြီး ကိုယ့်ကဏ္ဍ၊သူ့ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သွားရမယ့် ကိစ္စတွေပါပဲ။ တာဝန်ယူဆောင်ရွက်နေသူ အားလုံးဟာလည်း “ငါတို့ နိုင်ငံတိုးတက်ဖို့ …” ဆိုတဲ့ စိတ်ဓာတ်ကလေးကို ခေါင်းထဲထည့်ထားဖို့ လိုပါမယ်။ မှန်မှန်ကန်ကန် အလုပ်လုပ်ကြဖို့ ၊ အလုပ်နဲ့ တူအောင်လုပ်ကြဖို့ လည်း လိုအပ်ပါလိမ့်မယ်။ ကဏ္ဍအလိုက်တာဝန်တွေ ကို Q.C (Quality Control) အဖွဲ့ တွေမှ ပြန်လည် Counter Check ၀င်ဖို့  လိုအပ်ပါတယ်။
လောလောဆယ် ကျနော့် ဥာဏ်မီသလောက်လေးတွေးကြည့်တာပါ။ အကြမ်းဖျဉ်းအချက်လေးတွေပေါ့။
 အထူးအချက်အနေနဲ့က ကျနော်သာ လုပ်နိုင်ခွင့်ရှိခဲ့ရင် .. MEF ထဲက လူတွေကို အရေးကြီးရာထူးတွေပေးထားမယ်ဗျ..;P ။ အင်ဂျင်နီယာတွေဟာ နည်းပညာရော၊ စီးပွားရေးပါ နားလည်တဲ့  လူတွေလို့သတ်မှတ်တယ်တဲ့…”Technocrats” တွေလို့ ခေါ်တဲ့အကြောင်းကို ဇေယျသူ ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရတယ်ဗျ..။

၎။ မြန်မာအင်ဂျင်နီယာဖိုရမ်ကို သင်ဘယ်လိုရောက်လာလဲ? ဘာတွေအမှတ်ရစရာရှိခဲ့ပါသလဲ ?
- ကျနော် မြန်မာအင်ဂျင်နီယာဖိုရမ် ကို စတင်ပြီးရောက်လာချိန်တုန်းက လူ (၅၀) တောင် မပြည့်တတ်သေးဘူး လို့ ထင်ပါတယ်။ မှတ်မှတ်ရရ နာဂစ်မုန်တိုင်း မ၀င်ခင် တစ်ရက်အလိုမှာ လို့ ထင်ပါတယ်။ (Profile ကိုပြန်ကြည့်ရအုံးမယ်...) ဖိုရမ်အက်ဒမင်ကြီးဖြစ်တဲ့  ကျနော့်သူငယ်ချင်း (နယ်သားလည်း နယ်သား) “ရာမညဖိုးလပြည့်” က “ဟေ့ကောင် … မြန်မာအင်ဂျင်နီယာဖိုရမ် ဆိုပြီး လုပ်ထားပြီကွ…။ မင်းသိလား… အဲဒါ.. မန်ဘာ လာဝင်အုံးကွ…” ဆိုတာနဲ့ ကျနော်လည်း ယောင်တောင်ပေါင်တောင်နဲ့  ရောက်လာ တာပါ။ အဲဒီတုန်းက ကျနော်တို့ လည်း တရုတ်နိုင်ငံမှာ သင်တန်းတစ်ခုတက်နေစဉ်ကာလဆိုတော့ အင်တာနက်ဖောချင်းသောချင်း သုံးဖြစ်ခဲ့ရလို့  ဖိုရမ်မှာ အချိန်ပြည့် နီးပါး ၀င်နေခဲ့ပါတယ်။ ဖိုရမ် Logo လိုနေတယ်ဆိုပြီး “ကိုရေခါး” နဲ့  “ကိုနေ (The Sun)” တို့ ကပြောလို့  အခုသုံးနေတဲ့  MEF Logo လေး ကိုဆွဲပေးခဲ့ပါတယ်။ ကျနော်တစ်ခုဆွဲပြီး ကိုနေ ဆီကိုပို့ ပြီး ပြကြည့်လိုက်…ကိုနေ က ဒိုင်ခံ ဝေဖန်လိုက်…ကျနော်ကပြန်ပြင်လိုက်နဲ့ … ညလုံးပေါက်နီးပါးတွေ လုပ်ခဲ့ဘူးပါတယ်။ ဖိုရမ် banner ဒီဇိုင်းလေး တွေကို တတ်သလောက်မှတ်သလောက်နဲ့  ဒိုင်ခံပြီး ဆွဲခဲ့ပါတယ်။ ဖိုရမ် ပို့ စ်တွေ များလာအောင် စာတွေဝင်ရေး…၊မြန်မာပြည်က ဘော်ဒါတွေကို ဒီဝက်ဆိုက် အကြောင်း ကို သတင်းပေး နဲ့ နိုင်တာလေးတွေ (လူအား ပေါ့လေ…. ငွေအားတော့မပါပါဘူး…:P) လုပ်ပေးခဲ့ပါတယ်။ ဒါတွေဟာ ဘာပဲပြောပြော အမှတ်ရစရာတွေပါပဲ။
- ဒါတွေလုပ်နေလို့  ဘာအကျိုးခံစားခွင့်တွေ ရလဲဆိုတော့ကာ… အချိန်ကုန်၊လူပန်း၊မျက်စိညောင်း၊ဇက်ညောင်း၊ဦးနှောက်စား …. ဒါတွေပဲရှိပါတယ်။ ကျနော်အပါအ၀င် အားလုံးပဲပေါ့။ ပြောစရာရှိတာက ဘာလို့ မင်းတို့ ဒါတွေလုပ်နေကြလဲ…ဆိုတော့ကာ “စေတနာ + ပီတိ” ပေါ့ဗျာ…နော…။ ကျနော်တို့ မှာ ရေးထားသမျှ၊ တင်ထားသမျှ ပို့ စ်လေး တွေရဲ့ အောက်နားလေးက “Thanks” ဆိုတာလေးတွေကို ကြည့်ရင်းပဲ အားဖြည့်နေရပါတယ်။ အသိအမှတ်ပြုမှုလေးတွေပေါ့ဗျာ… ဒါလေးတွေက ကျနော်တို့  အချိန်တွေ ၊လုပ်အားတွေ ရင်းနှီးထားတာတွေအတွက် ရရှိမှုအကုန်ပါပဲ။ သို့ သော်လည်းပဲ ကျနော်ပျော်ပါ၏။ တခြားသော ဖိုရမ်မိတ်ဆွေအပေါင်းလည်း ကျနော်လို ပါပဲဆိုတာကို MEF အမှတ်တရလေးတွေအဖြစ်နဲ့ ပြောချင်ပါတော့တယ်။
- -------------------------------------------------------------------------------------------------