+ Reply to Thread
Page 2 of 5 FirstFirst 1 2 3 4 ... LastLast
Results 11 to 20 of 49

Thread: အင်းစိန်G.T.I

  1. #11
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန်G.T.I

    Science Lab တွေအပါအဝင်၊ E.C Lab တို့၊ E.P Lab တို့က၊ ကျောင်းသား၊ ကျောင်းသူ အရည်အတွက်ကနည်းတော့ စပ်းသတ်ချက်တခုကို၊ ၂ ယောက်လောက်နဲ့ တကယ် လုပ်ရတာပါ။ Science Lab တွေရယ်၊ EC Lab ရယ်က Main ဆောင် လို့ခေါါတဲ့ ဝိတိုရိယခေါတ် ပုံစံ အုတ်တိုက်နီကြီးထဲမှာရှိပြီး၊ EP Lab ကတော့၊ E.P ဌာနရှိတဲ့၊ စက်ရုံတွေ ပုံစံမျိုးဆောက်ထား တဲ့၊ Work Shop ဆောင်အရှည်ကြီးမှာပါ။ E.P ဌာနမှူးက ဆရာဦးခင်မောင်ဝင်း လို့ထင်ပါတယ်။

    သင်ခန်းစာတွေ နဲ့ Drawing ကို၊ မှန်ဆောင်မှာ သင်ရပြီး၊ နိုင်ငံရေးသိပ္ပံကိုတော့ E.P က Section ၂ ခုရယ်၊ E.C က Section ၂ ခုရယ်ကိုပေါင်းပြီး၊ Theater လိုဆောက်ထားတဲ့ Movie Hall မှာသင်ရပါတယ်။ ကျွန်တော်က ၉ တန်း၊ ၁၀ တန်း မှာ ဝိဇ္ဇာ နဲ့ သိပ္ပံဘာသာရပ်တွေကို ပေါင်းသင်တဲ့ ၁၉၈၄ ~ ၈၅၊ ၁၉၈၅ ~ ၈၆ ပညာသင်နှစ်က လာတာဆိုတော့၊ ဘော ဂဗေဒ မှာ သမဝါယမတို့၊ ဆိုရှယ်လစ်ဘောဂဗေဒ တို့ကိုသင်ခဲ့ဖူးပါတယ်။ လှိုင်နယ်မြေမှာလည်း နိုင်ငံရေး သိပ္ပံကိုသင်ခဲ့ ရတော့၊ လူနှင့် ရုပ်ပါတ်ဝန်းကျင် ရဲ့အညမည သဘောတရားကို၊ တော်တော်ငြီးငွေ့နေပါပြီ၊

    သမိုင်းဦးဘုံမြေခေါတ်ကနေ စလာလိုက်တဲ့ ဇတ်လမ်းဟာ GTI ကဆင်းမှပြီးမယ်ထင်ခဲ့ပါတယ်။ Roll Call ကလည်းယူတာ မို့၊ အတန်းလစ်ဖို့ဆိုတာမလွယ်ပါဘူး။ နိုင်ငံရေးသိပ္ပံဌာနမှူးက ဆရာဦးကျော်ထင်လို့ ထင်ပါတယ်။

    ဟိုးအရင်က တက္ကသိုလ်တွေမှာ၊ မဟာတန်းဝင်ခွင့်ရသူတွေ၊ ဂုဏ်ထူးတန်းအောင်သူတွေ က သရုပ်ပြ၊ နည်းပြ ဆရာ၊ ဆရာမတွေအဖြစ်သက်ဆိုင်ရာအထူးပြုဘာသာရပ်တွေမှာ ဝင်လုပ်ရင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးသိပ္ပံ ဌာနကိုပြောင်းရွှေ့သွားကြရင်း၊ တက္ကသိုလ်၊ ကောလိပ် နဲ့ သိပ္ပံတွေမှာ၊ နိုင်ငံရေးသိပ္ပံဆရာ၊ ဆရာမတွေအဖြစ် အမှုထမ်းကြ ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ဟာ၊ တက္ကသိုလ်၊ ကောလိပ် နဲ့ သိပ္ပံတွေမှာသင်ကြားဖို့ မလို အပ်တော့လို့၊ မူလ သက်ဆိုင်ရာ အထူးပြုဘာသာရပ်ဌာနတွေကို၊ ပြန်ပြောင်းရတဲ့အခါ၊ အများစုက မဟာတန်းမပြီးဆုံး ခဲ့တာမို့၊ သင်ကြားရေး နဲ့ နေရာချထားရေးမှာ တော်တော်လေး အခက်အခဲတွေ တွေ့ကြုံရတာကြားရပါတယ်။

    အသက်အရွယ်ငယ်သေးတဲ့၊ ဆရာ၊ ဆရာမတော်တော်များများကတော့ သက်ဆိုင်ရာအထူးပြုဘာသာရပ်တွေမှာ M.Phil ဆိုတဲ့ ဘွဲ့တခုကို ထပ်ယူကြပြီး၊ အသက်အရွယ်အတော်အတန်ရနေတဲ့ ဆရာ၊ ဆရာမ များကတော့၊ ပညာရေးလောက ကိုစွန့်ခွာသွားကြပါတယ်။ England က တက္ကသိုလ်တွေမှာတော့ M.Phil ဟာ၊ M.A, M.Sc ထက်မြင့်ပြီး၊ မြန်မာပြည် ပညာရေးလောကမှာတော့ M.Phil ဟာ M.A, M.Sc ထက်မြင့်သလား၊ နိမ့်သလားဆိုတာလည်း၊ အငြင်းပွားစရာတခုအဖြစ် ကျန်ရစ်ခဲ့တယ်လို့သိခဲ့ရပါတယ်။

    လူနှင့် ရုပ်ပါတ်ဝန်းကျင် ရဲ့အညမည သဘောတရားကို အခြေခံပြီးရေးဆွဲခဲ့တဲ့ ဘာသာရပ်ဖြစ်နေလို့၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဟာ တခြားနိုင်ငံ တက္ကသိုလ်တွေက နိုင်ငံရေးသိပ္ပံဘာသာရပ်ဌာနတွေလို သီးသန့်ရပ်တည်ဖို့ကလည်း မလွယ် တဲ့ အပြင်၊ သင်ရိုးညွန်းတန်းတွေကို၊ ပြုပြင်ရေးဆွဲပြီး၊ သင်ကြားဖို့ကလည်း၊ ခေါတ်စနစ်အခြေအနေအရ မဖြစ်နိုင် ခဲ့ပါဘူး။


    ဒီလိုနဲ့ ကျွန်တော်ဟာ အိုးနင်းခွက်နင်းနဲ့ GTI ပထမနှစ်ကိုတက်ရင်း Informal Test လို့ခေါါတဲ့ အစမ်းစာမေးပွဲ ကိုဝင်နွှဲ ရပါတော့တယ်။ အမှတ်စာရင်းထွက်လာတော့ ၄၀ အောက် နဲ့ ၄၀ စွန်းစွန်းတွေ ပါ။ လှိုင်နယ်မြေမှာတော့ Tutorail လေးဖြေပြီး၊ အဆင်ပြေနေတာ၊ GTI ရောက်မှ အထက်တန်းကျောင်းကစစ်တဲ့ လပါတ်စာမေးပွဲလို၊ စာမေးပွဲနဲ့ တိုးပြီး၊ ကွဲတော့တာပါပဲ။ အောင်မှတ်က ၅၀ မှာ ၄၀ အောက်နဲ့ ၄၀ စွန်းစွန်းသာရခဲ့တော့ အထက်တန်းကျောင်းလို အိမ်ကိုသာ Report card ပို့ရင်၊ မှင်နီတွေ နဲ့မို့၊ ကျွန်တော့်အမေက ဆော်မှာသေခြာပါတယ်။

    ဒီကြားထဲ GTI ရောက်နှင့်နေတဲ့ ငယ်သူငယ်ချင်း မောင်မင်းကြီးသားများက Informal မှာကျရင်၊ အမှတ်တွေက စာမေးပွဲ ကြီး အထိယူတာမို့၊ မင်းတော့ မချောင်ဘူးဘာညာနဲ့ အားပေးကြပါတယ်။ ၉ တန်းတုန်းက သူငယ်ချင်းမက တော့ ၇၀ နဲ့ ၈၀ အထက်တွေရပြီး၊ ၅ တန်း ကနေ ၁၀ တန်းအထိ၊ A ခန်းမှာတောက်လျှောက်နေလာတဲ့ ကျွန်တော့်ကို၊ နင် GTI ဆိုတာ ဘာမှတ်လို့လည်း၊ ကိုယ်ပိုင်ဥာဏ်အခြေခံ နဲ့ သင်ရတဲ့ကျောင်း၊ ဆိုပြီး ဆရာလုပ်ပါတယ်၊ သူက ၉ တန်းတနှစ်ပဲ A ခန်းရ ခဲ့တာပါ။

    ကျွန်တော်တို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းက ကျွန်တော့် အမေ၊ ဦးလေး၊ အဒေါါတွေ၊ ကစပြီး ဝမ်းကွဲညီ အကို၊ မောင် နှမ တွေအားလုံး တက်ခဲ့တဲ့ကျောင်းပါ။ အဒေါါ ၂ ယောက်က အဲဒီကျောင်းမှာ၊ အလယ်တန်း နဲ့ အထက်တန်းပြ၊ အဖေ က မိဘဆရာ အသင်း အမှုဆောင်၊ အဖိုးက နိင်ငံတော် သမ္မတ ဦးဘဦး နဲ့အတူ၊ ကျောင်းကို အုတ်မြစ်ချ ခဲ့ပြီး၊ ကျောင်း ကျောက်စာတိုင်မှာ အဖိုးနာမည်ပါ ပါတာမို့၊ ကျွန်တော်တို့ ဝမ်းကွဲညီအကို၊ မောင်နှမ တွေအားလုံးက ခပ်မြောက်မြောက်တွေပါ။

    ဒါကိုအစကတည်းက ကြည့်မရတာလည်းပါပါလိမ့်မယ်။ ကျွန်တော်တို့ ညီအကို၊ မောင်နှမ တွေ အားလုံးကလည်း တခု မဟုတ်၊ တခု ထူးချွန်ပါတယ်။ ကျွန်တော်ဆို၊ ကျောင်းပြေး နဲ့ Report Card မှာ လက်မှတ်အတုထိုးတာ ထူးချွန်သူပါ ခင်ဗျား။
    Last edited by ကိုထွန်း; 07-11-2011 at 04:01 PM.

  2. The Following User Says Thank You to ကိုထွန်း For This Useful Post:


  3. #12
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    မြန်မာလူမျိုး အင်ဂျင်နီယာ ကျောက်စာဝန်ဦးမြ နဲ့ အင်းစိန်G.T.I

    အင်းစိန်G.T.I အကြောင်းကိုစိတ်ဝင်စားလို့လိုက်ရှာကြည့်တဲ့အခါ၊ အချက်အလက်တော်တော်များများ ရလာ ပါတယ်။ အချက်အလက်တွေကိုရှာဖွေပေးတဲ့ ဝေးတမြေရပ်ခြားမှာ၊ အင်ဂျင်နီယာမလုပ်ပဲ စတိုးဆိုင် ဖွင့်ထားတဲ့ အတန်းဖော်သူငယ်ချင်း သန်းသန်းဆွေ 1993 September A.G.T.I (Electronics & Communications) (ရွှေမင်းသမီးစတိုးဆိုင်၊ Peninsular Plaza, Singapore) ကို၊ ကျေးဇူးတင်ပါတယ်။

    ၁၈၉၅ ဧပြီလ ၁ ရက်နေ့မှာ၊ Government Engineering School အဖြစ်၊ ယခုခေါတ်လိပ်စာအရ၊ ခြံအမှတ် ၂၉၇ မြို့မကျောင်းလမ်း၊ လသာမြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းအုပ်ကြီးမှာ Mr. Brown ဖြစ်ကာ၊ သင်တန်း ကာလ က ၃ နှစ်ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်စဉ်က ကျောင်းသားအရည်အတွက်၊ အလွန်နည်းပါးပြီး၊ မြန်မာ လူမျိုးကျောင်းသား အဖြစ် မောင်မြ ဆိုတာကို၊ တွေ့ရပါတယ်။ မောင်မြ ဆိုတာက၊ ၁၈၇၉ မတ်လ ၁၉ ရက်နေ့ မှာ၊ လေးမျက်နှာမြို့မှာ ဖွားမြင်ခဲ့ပြီး၊ ၁၉၇၃ မှာ မန္တလေးမြို့မှာ ကွယ်လွန်ခဲ့ ကျောက်စာဝန် ဦးမြ ဖြစ်ပါတယ်။

    ဦးမြ ဟာ ၁၉၀၂ ခုနှစ် မှ ၁၉၀၆ ခုနှစ်အထိ Government Engineering School မှာ ဆရာအဖြစ် အမှုထမ်း ခဲ့ ပါတယ်။ ၁၈၉၈ မှာ မူလနေရာကနေ၊ အင်းစိန်ဘူတာအရှေ့ဘက်၊ ယခင် တိရိစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေး တက္ကသိုလ်၊ ယခု တိရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး ညွန်ကြားမှုဦးစီးဌာန ရုံးချုပ် နေရာကီု၊ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာ မြန်မာလူမျိုးကျောင်းသား အတော်အတန်ရှိလာပြီ၊ ဖြစ်ပြီး မြန်မာလူမျိုး ကျောင်းသား များ အတွက် သီးသန့်အဆောင်ကိုပါ၊ ထည့်သွင်းထားခဲ့ပါတယ်။

    ပြောင်းရွှေ့စဉ်က ကျောင်းအုပ်ကြီးမှာ Mr. F.H.O Connor Mitchell ဖြစ်ပြီး၊ ဦးမြ ဟာဆရာအဖြစ်ဆက်လက်အမှု ထမ်းခဲ့တာ တွေ့ရပါတယ်။ ၁၉၀၆ စက်တင်ဘာလ ၁၄ ရက်နေ့မှာ၊ ဦးမြဟာ ကမ္ပည်းကျောက်စာ ဌာန ကို ပြောင်းရွှေ့ သွားတဲ့အတွက်၊ မြန်မာလူမျိုး ဆရာအဖြစ် ဆရာ ဦးလူအေးက အစားထိုးဝင်ရောက်လာပါတယ်။ ဆရာဦးလူအေးဟာ ၁၉၅၁ မတ်လ ၃၁ ရက်နေ့အထိ ၄၅ နှစ်တိတိ အမှုထမ်းခဲ့ပြီး၊ ၁၉၅၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ ပါတယ်။

    အင်းစိန်ရွာမကို၊ ၁၉၀၈ ခုနှစ်မှာ၊ ကျောင်းအုပ်ကြီး Mr. F.H.O Connor Mitchell ကပင်ဦးဆောင်ပြောင်းရွှေ့ပြီး၊ Government School of Engineering & Technical High School လို့ အမည် ပြောင်းခဲ့ပါတယ်။ ကိုထွန်းတို့ တက်ခဲ့တဲ့ Main Building ဟာ ၁၉၀၈ ခုနှစ်မတိုင်ခင်ကတည်းက၊ ရှိခဲ့တာဖြစ်ပြီး၊ ၁၉၀၈ ခုနှစ်မှာ ဗဟိုဆောင် Main Hostel ကို စတင်ဆောက်လုပ်ခဲ့ပါတယ်။ ကျန် အဆောက်အဦးများကို ၁၉၂၂ ခုနှစ်ကျမှဆောက်ခဲ့တာဖြစ်ပါတယ်။ အင်းစိန်G.T.I ရဲ့ မူလ အဆောက်အဦးများဟာ ဝိတိုရိယခေါါတ်ပုံစံပိသုကာ လက်ရာများ ဖြစ်ပါတယ်။ Main Building မှာ၊ စာသင်ခန်း ၆ ခန်း၊ ဧည့်ခန်း၊ ပုံဆွဲခန်း၊ ရုံးခန်း၊ ဓါတ်ခွဲခန်း၊ စာကြည့်ခန်း၊ ကျောင်းအုပ်ကြီးရုံးခန်း တို့ပါဝင်ပြီး၊ ကျောင်းဆောင်အလယ်မှာ စတုရန်းပုံ မြေကွက်ငယ်ကို ချန်လှပ်ထားရှိပါတယ်။

    ၁၉၁၂ ခုနှစ်မှာ၊ ကျောင်းအုပ်ကြီး Mr. A.P Morris ပြောင်းရွှေ့တာဝန်ယူပြီး၊ Government Technical Institute (GTI) ဟုပြောင်းလဲအမည်သတ်မှတ်ကာ၊ ပညာသင်ကြားသူ ကျောင်းသား အရည်အတွက် တိုးလာခဲ့ပါ တယ်။ ကျောင်းအုပ် ကြီး Mr. A.P Morris ကို၊ အများဆုံးအကူအညီပေးခဲ့သူက ရန်ကုန်တက္ကသိုလ် မှ ပြောင်းလာတဲ့ သချာ် ကထိက Mr. P.P Annantanaraya Aiyar ဖြစ်ပြီး၊ ဆရာ အိုင်ယာဟာ Member of the Society of West Virginia Collegiate ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Winners of the Morris Medal ဆုကို စတင် ချီးမြင့်ခဲ့ပြီး၊ ၁၉၃၈ ခုနှစ်အထိ ပညာထူးချွန် သူကျောင်းသား များ ကို ပေးအပ်ခဲ့ပါတယ်။

    ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီး ကတော့ Mr. T Ba Hli ဆရာကြီးဦးဘလှီ M.Sc (London), DIC (Diploma of the Imerial Collage), B.E (Civil, Culcutta University) ဖြစ်ပြီး၊ ၁၉၃၆ ခုနှစ်မှ၊ ၁၉၅၀ ခုနှစ်အထိ တာဝန်ယူခဲ့ကာ၊ ၁၉၅၀ မှ ၁၉၅၅ အထိ ရန်ကုန်စက်မှုတက္ကသိုလ် မဟာဌာနမှူး အဖြစ်တာဝန်ယူခဲ့ပြီး၊ ၁၉၇၆ အသက် ၈၀ ကျော် အရွယ်မှာ၊ ကွယ်လွန် ခဲ့ပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:44 PM.

  4. The Following User Says Thank You to ကိုထွန်း For This Useful Post:


  5. #13
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဆရာကြီးဦးဘလှီ နဲ့ အင်းစိန်G.T.I

    ဆရာကြီးဦးဘလှီ လက်ထက်မှာ၊ Main Burmese Mess ကိုမြန်မာလူမျိုးကျောင်းသားများ၊ စားသောက်မှု အဆင်ပြေစေ ဖို့ဖွဲ့စည်းပေးခဲ့ပြီး၊ ကိုထွန်း တို့ GTI ရောက်သည်အထိ Mess Committee အဖွဲ့ကို၊ ကျောင်းသားများထဲမှ ရွေးချယ်ပြီး စားသောက်မှုကိစ္စအဆင်ပြေစေဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အဆောင်မနေခဲ့ဘူးတော့ Mess Committee အကြောင်း ကို၊ မသိခဲ့ပါဘူး။ ပထမ နှစ်ကျောင်းသားဘဝ တုန်းကတော့ Mess ထဲကို၊ တခေါက် ရောက်ဖူးခဲ့ဘူးပါတယ်။

    ၁၉၄၁ BBA 4 th Division အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ၊ နာမည်ကြီးဘောလုံးအသင်းများဖြစ်တဲ့ Customs အသင်း၊ ပုလိပ်ကြီးအသင်း၊ မြူနီစပယ်အသင်း၊ ရန်ကုန်ကောလိပ်၊ ဖရန့်ယူနီယံအသင်း၊ မြို့မ၊ သံလျှင်ကလပ်၊ ဂျင်မခါနာကလပ် စသည့်အသင်းများနှင့် အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ၊ အင်းစိန် GTI အသင်းက၊ ပထမ ဆုရခဲ့ပါတယ်။

    ဒုတိယ ကမ္ဘာစစ်အတွင်း၊ ၁၉၄၁ ဒီဇင်ဘာလမှာ၊ ဂျပန်စစ်တပ်မှ မြန်မာပြည်ကို သိမ်းပိုက်လိုက်သည့်အတွက်၊ အင်းစိန် GTI ရဲ့၊ ပညာသင်ကြားမှုများလည်းရပ်ဆိုင်းသွားခဲ့ပြီး၊ ၁၉၄၄ စက်တင်ဘာလ ၁၈ ရက်နေ့မှာ၊ ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်ခံ အစိုးရမှ၊ State Technical Institute အမည်ဖြင့်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းမှာ၊ ပြန်လည် ဖွင့်လှစ် ခဲ့ပြီး၊ ၁၉၄၅ ဧပြီလ မတိုင်ခင်မှာ၊ ရပ်ဆိုင်းခဲ့ပါတယ်။

    ဂျပန်စစ်တပ်မှ မြန်မာပြည်ကို၊ အုပ်ချုပ်နေတဲ့ ကာလမှာ မူလ အင်းစိန်G.T.I ရဲ့ Main Building နဲ့ Main Hostel ကို၊ ဆေးရုံ အဖြစ် အသုံးပြုခဲ့ပြီး၊ ရင်ခွဲရုံ Mortuary အဖြစ်၊ Main Hostel ဗဟိုဆောင် အဆောက်အဦ ရဲ့ အစိတ်အပိုင်း၊ တချို့ကို အသုံး ပြုခဲ့ပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:39 PM.

  6. The Following User Says Thank You to ကိုထွန်း For This Useful Post:


  7. #14
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    တဖြည်းဖြည်း ရူးသွပ်သွားသူများ

    အင်းစိန်G.T.I အကြောင်းကိုရေးနေရင်းနဲ့ အေးချမ်းမြေ့ ရဲ့ http://www.irrawaddy.org/bur/index.p...05-06-04-50-59 မှာရေးထားတဲ့ အက်ဆေးလေးကိုတွေ့လို့၊ ကူးယူဖော်ပြလိုက်ပါတယ်။

    ဗာဒံပင်တွေက ဖက်ရှင် အမျိုးမျိုးဖြင့် အလဲအလှယ် ဝင့်ကြွား နေချိန်တွင် ရေတမာတွေက သူတို့၏ အစိမ်းရင့်ရင့် ဝတ်ရုံဖြင့် အိနြေ္ဒ ရနေတတ်သည်။ ဟုတ်လည်း ဟုတ်သည်။ ဗာဒံက တနှစ်ကို ဝတ်စုံ မျိုးစုံလဲသည်။ တခါတရံ အစိမ်းရင့်ရင့်၊ တခါတော့ ဝါသွားပြန်၊ နောက်တခါ ကြည့်လျင် အနီရဲရဲ … ဟော နောက်တခါတော့ မလုံ့တလုံ အရိုးချည်းသက်သက် … မကြာပြန် ရွက်နုသစ် ပုရစ်ဖူး တို့ဖြင့် နုပျို နေပြန်သည်။

    “ငါ … ဒီလမ်း လေးကို ဗန်တမာ လမ်းလို့ ခေါ်မယ်” ဟု နာမည်ပေး ကင်ပွန်း တပ်တော့ သူငယ်ချင်းများက ထောက်ခံ ကြသည်။ ဗာဒံ (ဗန်ဒါ) နှင့် ရေတမာ … ပေါင်းတော့ ဗန်တမာပေါ့။ တဘက်က ဗာဒံပင်တန်း စီရရီ၊ တဘက်က ရေတမာပင်တန်း။

    မှန်ဆောင်ရှေ့က ဗာဒံပင်ကြီးအောက် ခုံဝိုင်းလေးတွင် ကျမတို့ သူငယ်ချင်း တစု စကားတွတ်ထိုး ခဲ့ကြသည်။ အဲဒီ ဗာဒံပင်ကြီး အောက်မှာ ဗာဒံသီးတွေ ကောက်ကာ အုတ်နီခဲနှင့် အစိမပျက် ထုစားကြသည်။

    ကျမတို့ သပြေဆောင်ရှေ့က ဗန်တမာ လမ်းကလေးမှာ ဇာတ်လမ်းပေါင်း များစွာ ရှိခဲ့သည်။ သူ့မှာ မှတ်တမ်းတွေ ရှိသည်။ ဗန်တမာ လမ်းကလေးက အနီရောင် … မြေနီလမ်းကလေး။ ကျမတို့ နောက်ဆုံးနှစ်ရောက်တော့ နိုင်လွန်ကတ္တရာလမ်း အနက် ကလေးအဖြစ် ကြွားကြွားဝင့်ဝင့်။ လမ်းကလေးအဆုံးမှာ ဗဟိုဆောင်နှင့် ဒက္ခိဏ … ယောက်ျားလေးဆောင် နှစ်ဆောင်။ ဗာဒံပင်များဘေးက ဘောလုံးကွင်း တဘက်မှာတော့ ဥတ္တရဆောင်။ အဲဒီဘက်တော့ ကျမတို့ မိန်းကလေးများ တခါမှ မရောက်ခဲ့ဘူး။ ယောင်မှား သွားမိသူလည်း ခြေလှမ်း မှားအောင် အစခံရမည်။

    ကျမက ကျမတို့မိန်းကလေးဆောင် ဖြစ်သော သပြေဆောင် ဟူသည့် နာမည်ကို ဝေဖန်ခဲ့သည်။

    “ပေးစရာနာမည် ရှားလို့ဟာ။ ပန်းမပွင့်ဘဲ အရွက်ကိုပဲ ပန်းလုပ်ရတဲ့ သပြေဆိုတဲ့ နာမည်ကိုမှ ပေးရလား။ တခြား ပန်းတွေမှ ပြည့်လို့”

    သူငယ်ချင်း မိန်းကလေးများ၏ ရယ်သံက နုပျိုသစ်လွင်လှသည်။ ရွက်နုသစ်စိမ်းစိမ်းကလေးများ ထွက်ခါစ ဗာဒံပင် ဝိုင်းဝိုင်းကလေးများနှင့် အပြိုင် ...။ လွတ်လပ်စွာ၊ ပေါ့ပါးစွာ။ တွေ့သမျှကို ရယ်ချင်၊ ပြောသမျှကို ရယ်ချင်နေကြသည်။ အဆောင်မှူး ဆရာမ ဒေါ်မြင့်မြင့်အေး၏ မျက်မှန်ထူထူကြီးအောက်က သဘောကောင်းမှုကို အခွင့်ကောင်းယူကာ ဆိုးခဲ့ကြဖူးသည့် ကျမတို့ကို ဆရာမကော လွမ်းနေမည်လားမသိ။ ကျမကတော့ ဆရာမ တသက်လုံး အဲဒီသပြေဆောင်မှာပဲ အရိုးထုတ်လိမ့်မည်ဟု ထင်ခဲ့ဖူးသည်။

    ကျမတို့ အတန်းထဲက သူငယ်ချင်းအုပ်စုထဲတွင် ကျမတယောက်သာ မိန်းကလေးဆိုတော့ ကျန် ၆ ယောက်၏ ဆိုးမျိုး အကုန်ခံ ခဲ့ရသည်။ သူတို့က အဆောင်ပိတ်ပြီးသည့် ည ၈ နာရီကျော်လောက်ကျမှ အဆောင်တံခါးကို တဂျုံးဂျုံးလာဆွဲကာ ကျမနာမည်ကို အကျယ်ကြီး လာအော်ပြီး မြို့ထဲပြန်ဖို့လမ်းစရိတ် ချေးတတ်ကြသည်။ ကျမမှာ မရှိလျင် တခြား အဆောင်သူ သူငယ်ချင်းများဆီက ချေးပေးရသည်။ ကျမတို့ ဆူညံနေသည်ကို ဆရာမက မသိယောင် ဆောင်ပေးနေတတ်သည်။

    မိန်းကလေး နည်းလွန်းသော ကျမတို့ ကျောင်းမှ ကျောင်းသားများက RC 2 သို့သွားကာ ရသေ့စိတ်ဖြေ ငမ်းကြရရှာသည်။ ကျောင်းနားက စီးရသည့် ၄၅ ကားလေးနှင့် ၅၀ ဗိုက်ပူ ကားကြီးများက RC 2 ရှေ့ တန်းတန်းမတ်မတ် ရောက်သည် ဆိုတော့ သူတို့အတွက် ငမ်းကြောတည့်သည်ဟု ဆိုရမည်။ သူတို့နှင့်အတူ ကျမတို့မိန်းကလေးများကလည်း အားကျမခံ လိုက်သည်။ တက္ကသိုလ် ကျောင်းတော်သူ အလှပဂေးများကို သွားကြည့်ကာ မုဒိတာ ပွားကြသည်။ ကျမတို့ကတော့ ကျောင်းတက်လျှင် သူတို့လို မပြင်ဆင်ရဲကြ။ ပြင်သွားလျှင်လည်း အနောက်ပြောင် ခံရဖို့သာများသည့်တူတူ သနပ်ခါးဘဲကျားနှင့်ပင် ပြီးကြသည်။ ပြင်ဖို့ဆင်ဖို့ထက် အဆောင်ရှေ့က တယောက်တည်း ဖြတ်လျှောက်မည့် ယောက်ျားလေး တယောက် ယောက်ကို ခြေလှမ်း မှားအောင် နောက်ပြောင်ဖို့လောက်သာ စိတ်ကူးနေမိကြသည်။

    နောက်ဆုံးနှစ် ကျမက အဆောင် သာယာရေးမှူးဆိုတော့ အဆောင်မသာယာ၊ သာယာအောင် စွမ်းဆောင်ရသည်။ ဒီတော့ အဆောင်မှာ တွဲနေကျ သူငယ်ချင်းတစုနှင့် တိုင်ပင်ကာ စကားရည်လုပွဲ ကျင်းပရန် ကြံစည်သည်။ စကားရည်လုပွဲ ခေါင်းစဉ်က လျှို့ဝှက် ...။ ယှဉ်ပြိုင်ကြမည့်သူများသာ သိသည်။ ကျမက သဘာပတိ၊ အဆောင်မှူးဆရာမ ဒေါ်မြင့်မြင့်အေးနှင့် ဒေါ်သန္တာညွန့်က အမှတ်ပေးဒိုင်လူကြီးများ။ အချိန်မှတ်စရာ ခေါင်းလောင်းမရှိတော့ စတီးချိုင့်ကို ထမင်းစားဇွန်းနှင့် ခေါက်ကာ အချိန်မှတ်သည်။

    ယှဉ်ပြိုင်မှာက သပြေဆောင်ဧည့်ခန်းမှာ ...။ ပြိုင်ပွဲစပြီ … အဆောင်သူများက အားတက်သရော အားပေးနေပြီ။ ခေါင်းစဉ်ကတော့ ယောက်ျားလေးဆောင်များ ဖြစ်သည့် “ဗဟိုဆောင်နှင့် ဒက္ခိဏဆောင်ကိုယှဉ်လျင် ဗဟိုဆောင်သားများက ပိုချောသည်” ဟူ၍။ ယှဉ်ပြိုင်သူများက တဘက်ကို ချောသည်ဟု ဇွတ်ပြောကာ တဘက်က ကိုအဝှာများကို တယောက်ချင်း ဘယ်လို ရုပ်ဆိုးကြောင်း တဖွဲ့တနွဲ့ပြောကြသည်။ ချုပ်လိုက်တော့ ၂ ဘက်စလုံးက ယောက်ျားလေးများ ဘယ်လို ရုပ်ဆိုးသည် ဆိုတာသာ ထွက်လာသည်။ အဆောင်မှူး ဦးငွေထွန်းရှင်လည်း မကျန် အပြောခံရရှာသည်။ အဲဒီလို ပြောနိုင်ဖို့ကို သူတို့က တပတ်လောက်ကြိုပြီး လေ့လာ ထား ရ သေးသည်။

    နောက်တနေ့ ကျောင်းတက်တော့ ကျမကို သူငယ်ချင်းယောက်ျားလေးများ မျက်ထောင့်နီကြီးများဖြင့် ကြည့်ကြသည်။ စိတ်ဆိုး ကြသည်။

    “ညက ငါတို့အကုန်ကြားတယ်။ အဲဒါ နင့်လက်ချက်မှန်းသိတယ်နော်။ ပါလာ အပြင်က လမ်းမမှာ ငါတို့ တန်းစီပြီး ထိုင် နားထောင် နေတာ”

    အခု ဆက်သွယ်ရေးဌာနမှာ အကောင်ကြီးကြီးဖြစ်နေသည့် သူငယ်ချင်းက စိတ်ဆိုးမာန်ဆိုးပြောတော့ ကျမတို့ ခေါင်းလေးတွေ ပုကုန်ကြသည်။ သူ့ရှေ့သွားကို မိုးရွာတော့ ပေါ်တီကိုမှတ်ပြီး ဝင်ခိုမိသည်ဟု ပြောထားသည်ကိုး ...။ သူ စိတ်တော်တော် ဆိုးသွားသော်လည်း ခဏသာ။ နောက်တော့လည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါး။ ကျမတို့ကလည်း မမှတ်။ ထို ထိုသော သူငယ်ချင်း ယောက်ျားလေးများကို ဘယ်လိုစရမလဲ ဆိုတာသာ စဉ်းစားနေကြသည်။

    နောက်ဆုံးနှစ် ကျောင်းပိတ်ခါနီး ရွက်ကြွေတွေ တဖွဲဖွဲမြေခချိန် တရက်တွင် ကျမက ကိုညံ့ဟု စနောက်နာမည် ပေးထားသည့် ကိုဉာဏ်ကို စကြသည်။ “ရည်းစားတယောက် အမြန် အလိုရှိသည်” အစချီ၍ သူ့နာမည်တပ်ကာ ရေးပြီး သပြေဆောင် အုတ်တံ တိုင်းတွင် မနက်စောစော ထကပ်၍ အိပ်ချင်ယောင် ဆောင်နေကြသည်။ အဲဒီနေ့ကတော့ တော်တော်လေး ဖြေရှင်းလိုက် ကြရသည်။ ကိုဉာဏ်က ကျမတို့ဟု မထင်ဘဲ တခြား ယောက်ျားလေး သူငယ်ချင်းများကို ထင်ကာ စိတ်တော်တော်လေး ဆိုးသွား သောကြောင့်ဖြစ်သည်။

    အင်္ဂလိပ်စာတော်သည့် သူငယ်ချင်း တနင်္လာသားက ကျောင်းရှေ့ ဆိုင်းဘုတ်ကို ကြည့်ကာ ပြောဖူးသည်ကို သတိရမိ၏ ... “Government Technical Institute Insein”

    “အင်းစိန် ဆိုတာကို အင်စိန်း (Insane) လို့လည်း အသံထွက်လို့ ရတာပဲ။ အင်စိန်း ဆိုတာက တဖြည်းဖြည်း ရူးသွပ်တာကို ပြောတာ။ အဲဒီတော့ ဒီကျောင်းမှာ တက်နေတဲ့ ငါတို့ဟာ တဖြည်းဖြည်း ရူးသွပ်ကြသူများပေါ့”

    ကြံကြံဖန်ဖန် ပြောသည့်သူ့စကားကို ကျမတို့ အရူးတသိုက် ထောက်ခံကြသည်။ “အေဂျီတီအိုင် အင်စိန်းများ” ဟု ကျမက အမြဲ နောက်ပြောင်သည်။ ထို အင်စိန်း တစုတို့က ထို ကျောင်းကြီးကို အလွန် သံယောဇဉ်ကြီးသည်။ အလွန်ချစ်သည်။ ရူးပေါပေါ အလုပ်တွေလည်း လုပ်ကြသည်။ ဆရာကြီးခွင့်မပြုသည်ကို ရအောင်ပြောကာ နံရံကပ်စာစောင်လုပ်သည်။ အောင်လက်မှတ်ကို သံတိုင်ကြားက ယူရသည်မှာ မဖွယ်မရာ ဖြစ်လွန်းသည်ဟု ကိုယ့်ဘာသာ ဆုံးဖြတ်၍ အတိုက်အခံပြု ပြောဆိုရင်း အခမ်းအနားနှင့် အောင်လက်မှတ် အပ်နှင်းဖို့ကိစ္စ ကြိုးပမ်းသည်။ ရလည်း ရခဲ့သည်။ တကယ်အောင်လက်မှတ်ပေးသည့် အခမ်းအနားကိုတော့ ကျမတို့ သူငယ်ချင်း ၇ ယောက် မတိုင်ပင်ဘဲ တယောက်မှ မတက်ခဲ့ကြ။ သံတိုင်ကြားကပင် သွားယူကြသည်။ လက်မှတ် ရပြန် တော့လည်း ကျမတို့ ၇ ယောက်လုံး ထို လက်မှတ်နှင့် ဘာမှမဆိုင်သည့် အလုပ်များကို လုပ်နေကြသည်။

    ကျမတို့ ကျောင်းဘေးက “တခါတလေ အေးအေးဆေးဆေး” လက်ဖက်ရည်ဆိုင် ကလေးလည်း ကျမတို့ ဆိုးသမျှ ခံရသည့် အထဲ တွင် ထိပ်ဆုံးမှပါသည်။ ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကောင်းသော အန်တီကြီးကို ကျမတို့ ဂျီကျနေကျ။ ဗယုတ်ကျသမျှ၊ ဆိုးသမျှ သည်းခံသည့် အန်တီကြီးတွင် သားနှစ်ယောက်ရှိကြောင်း ကျမတို့ မသိ၊ ၈၈ အရေးတော်ပုံကြီးနောက်ပိုင်းတွင် သားကြီးက တောခို၊ သားငယ်က တော်လှန်ရေးကြောင့် ထောင်ကျနေမှန်း ကျမတို့ မသိ၊ ကျမတို့နှင့် ရွယ်တူ သားငယ်ကို သူ ထောင်ဝင်စာ ပို့နေရ မှန်းလည်း ကျမတို့ မသိ။ သူငယ်ချင်းပြောသလို ကျမတို့က တဖြည်းဖြည်း ရူးသွပ်မှန်းမသိ ရူးသွပ်နေသူများသာ။

    နောက်ဆုံးနှစ် ကျောင်းပြီးတော့ ကျမက ကျောင်းမှာပင် အလုပ်သင် ဖီးလ် ပြန်ဆင်းရသည်။ အန်တီကြီး ဆုံးပြီ ဆိုသည့်သတင်း မယုံနိုင်စရာ ကြားရသည်။ ဆိုင်သိမ်းပြန်သည့် အန်တီကြီး၏ ဆိုက်ကားကို ကားဖြင့် တိုက်မိသဖြင့် ပွဲချင်းပြီး ….။ ဗာဒံ ရွက်ကြွေတို့ ပို ခြောက်သွေ့ရုံမက ကြေမွသွားကြသည်။ ဒါတင်မကသေး ဆရာမ ဒေါ်မြင့်မြင့်အေး၏ သူငယ်ချင်း၊ ကျမတို့နှင့် သိပ်ခင်သည့် ကျောင်းနားက ထမင်းဆိုင်က မဥမ္မာ၊ ကျမတို့ သွားစားလျင် ဟင်းအမြဲ ပိုထည့်ပေးနေကျ မဥမ္မာ … ဆရာမမြို့ နတ္တလင်းကို အလည်လိုက်ပါသွားရင်း စက်ဘီးစီးသွားရာ ကားက နောက်က ဝင်တိုက်သဖြင့် ပွဲချင်းပြီး ကွယ်လွန်သွားခဲ့သည် ဆိုသည့် သတင်းဆိုးကလည်း ထက်ကြပ်မကွာ လိုက်ပါလာသည်။

    ဒီအထိကို ကျမတို့ ရူးသွပ်ခြင်းများက အဆုံးမသတ်၊ အန်တီကြီး ကြွေလွင့်သွားပေမယ့်၊ မဥမ္မာ ပျောက်ကွယ်သွားပေမယ့် ကျမတို့ ကျောင်းကြီးတော့ တည်မြဲနေဦးမည်ဟု ထင်ခဲ့သည်။ ကျမတို့ သား၊ သမီးများ လက်ထက်ထိ ကျောင်းတော်ကြီးက ရှိနေဦးမည်ဟု ယုံကြည်ခဲ့သည့် ကျမတို့ကို ရူးသွပ်သည်ဟု မပြောလျှင် ဘယ်သူ့ကိုများ ပြောရပါ့မလဲ။

    တကယ်တော့ ကျမတို့ကိုလည်း အဆိုးမဆိုသင့်ပါ … ကျမတို့ ကျောင်းကြီးက နှစ်ပေါင်း ၁၀၀ အထိ တည်မြဲခဲ့သေးသည်ကိုး။ ကျမ အဘိုးက ဂျီတီအိုင်ကို မြို့ပြ ဘာသာရပ်နှင့် ပြီးခဲ့သည်။ အဘိုးတက်သည့် ကျောင်းမှာ မြေး တက်ခွင့်ရသည်ဆိုတော့ ဒီကျောင်းကြီး ၏ တည်မြဲမှုကို ကျမယုံကြည်သည်က မထူးဆန်းလှ။

    ကျမ မျက်ခြည် ပြတ်ခဲ့ချိန်တွင် ကျမတို့ ကျောင်းတော်ကြီးက အော့စ်ဝစ် အကျဉ်းစခန်းကြီးလည်း ဖြစ်ခဲ့သည်။ ကုန်စည်ဒိုင်ကြီး လည်း ဖြစ်ခဲ့သည်။ ကျောင်းဝန်ထမ်းများ၊ ဆရာ၊ ဆရာမများလည်း တိရစ္ဆာန်များကို မောင်းသလို မောင်းထုတ်ခံခဲ့ရပြီ။ မျက်မှန် ထူကြီး အောက်မှ သဘောကောင်းသည့် မျက်နှာနှင့် ဆရာမ ဒေါ်မြင့်မြင့်အေးကို သပြေဆောင်မှာ အရိုးထုတ်မည်ဟု ထင်ခဲ့ဖူး သည့် ကျမအထင် မှားခဲ့ပြီ။ ဆရာမကိုလည်း ဘယ်ဆီမောင်းထုတ်လိုက်သည် မသိ။

    တကယ်တော့ ကျောင်းကြီးက ပြောင်းလဲခဲ့ခြင်း မဟုတ်ပါ။ ကျောင်းကြီးကို ပြောင်းလဲခဲ့ကြခြင်းသာ။

    “ငါတို့ ကျောင်းကို အလွမ်းပြေသွားကြည့်ကြတယ်”

    သူငယ်ချင်း၏ စာကို ကျမ ရင်ခုန်စွာ ဖတ်နေမိသည်။ အဲဒီလို သွားကြည့်တော့ ဘာတွေတွေ့ရသလဲ၊ ကျမ သိချင်ပေမယ့် သိထားသည့် သတင်းတချို့ကြောင့် စာကို ဆက်မဖတ်ရဲပြန်။ ပူးတွဲပါ ဓာတ်ပုံလေးကို ကြည့်မိတော့ သူငယ်ချင်း ၄ ယောက်ကို တွေ့သည်။ တနင်္လာသား၊ အင်္ဂါသား၊ ဗုဒ္ဓဟူးသားနှင့် ကြာသပတေးသား။ ကျမတို့ ၇ ရက်သားသမီး အုပ်စု တနေရာစီ ဝေးကွာပြီး ဆက်စပ်ဖို့ ခက်သလို ကျောင်းကြီးလည်း ဖရိုဖရဲ ဖြစ်နေပြီ။

    “ဖဲ့ရောင်းထားတာဟ။ တချို့တဝက်ကို စက်ရုံလုပ်ထားတယ်။ သပြေဆောင်နဲ့ မှန်ဆောင်ကိုတော့ ပုဂ္ဂလိက ကျောင်း လုပ်ထား တယ်။ ဒက္ခိဏဆောင်ကတော့ ကြံ့ဖွံ့ဆေးရုံဖြစ်နေပြီ”

    ကျောင်းသူများနှင့် ဝေစည်ခဲ့စဉ်ကတော့ ပန်းမပွင့်သော်လည်း သပြေက လန်းခဲ့သေးသည်။ အခုတော့ သပြေသည်လည်း လန်းနိုင်တော့မည်မထင်။

    ကျမသူငယ်ချင်း အင်္ဂါသား တယောက်လည်း စိတ်ဆင်းရဲနေလိမ့်မည်။ သူက ဒက္ခိဏ သားပေကိုး ...။ တချိန်က အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေ ဆုံဆည်း ပျော်မောခဲ့သော ဒက္ခိဏဆောင်ကြီးကို အခုလို ကြံ့ဖွံ့ဆေးရုံ အဖြစ် ပြောင်းလဲပစ်မည် ဆိုတာ သူ စဉ်းစားခဲ့ဖူးမည်မထင်။ အဲဒါဟာ ကျမတို့ ကျောင်းကြီးတဲ့လား။ ဗန်တမာလမ်းကလေးသာ စကားဆိုတတ်လျင် “ငါ ကျောခင်းပေးထားတာ … လတ်ဆတ် နုသစ်တဲ့ ကလေးတွေနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဆရာ ဆရာတွေ အတွက်” ဟု ပြောလေမည်လားမသိ။

    “စိုးရိမ်နေ … သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေက စိုးရိမ်နေ … သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေကလေ ...”

    ဗန်တမာ လမ်းလေးက သူ့အပေါ် တန်းစီထိုင်ရင်း သပြေဆောင်သူများအတွက် ကျောင်းသားများ သီဆိုပေးခဲ့သည့် သီချင်းများ ကိုလည်း သတိရ နေပါလိမ့်မည်။ ကျောင်းသားတို့၏ သီချင်းသံနှင့် ရယ်မောသံများ ဝေစည်ခဲ့ရာ လမ်းကလေးက အခုတော့ ခြောက်သွေ့ ဆိတ်သုဉ်း နေရောပေါ့။

    ကျမတို့အားလုံး တကယ်ကို တဖြည်းဖြည်း ရူးသွပ်သွားကြဖို့သာ ကောင်းပါတော့သည်။

    Credit and Special Thanks to : အေးချမ်းမြေ့, Reference : http://www.irrawaddy.org

  8. The Following 2 Users Say Thank You to ကိုထွန်း For This Useful Post:


  9. #15
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    ၁၉၄၅ မှ ၁၉၅၃ အင်းစိန် G.T.I

    ဂျပန်တို့ ပြန်လည်ထွက်ခွာသွားပြီးနောက်၊ အမှတ် ၆ ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ့်ချင်းလမ်း) တွင် ဗမာနိုင်ငံတော် အစိုးရစက်မှုလက်မှုပညာသင်ကျောင်း အမည်နှင့် သြဂုတ်လ ၁၅ ရက်နေ့ ၁၉၄၅ ခုနှစ်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ ဝင်ခွင့် စာမေးပွဲစနစ်ကို စတင်ကျင့်သုံးကာ၊ ကျောင်းသားသစ်များကို လက်ခံခဲ့ပါတယ်။

    သြဂုတ်လ ၂၄ ရက်နေ့ ၁၉၄၅ ခုနှစ်တွင် ဝင်ခွင့်စာမေးပွဲအဖြစ် ဂဏန်းသခ်ျာ၊ အက္ခရာသခ်ျာ၊ ဂဲသြမေတြီနှင့် ပုံကြမ်းဆွဲ ဘာသာရပ်များကို၊ ကျောင်းဝင်ခွင့်လျှောက်ထားသူများဖြစ်တဲ့ အဂ်လိပ်ဘာသာ သို့မဟုတ် အဂ်လိပ် နှင့် တိုင်းရင်းသား ဘာသာ ဒဿမတန်း အထိ တက်ရောက်သင်ကြားဖူးသူ များကိုစစ်ဆေးခဲ့ပါတယ်။

    လမ်းပန်းအဆောက်အဦသင်တန်း နှင့် စက်မှုအင်ဂျင်နီယာသင်တန်း ၂ မျိုးမှာ ကျောင်းဝင်ခွင့်အောင်မြင်လာသူများကို စက်တင်ဘာလ ၁ ရက်နေ့ ၁၉၄၅ ခုနှစ် မှာ၊ စတင်လက်ခံကာ ပို့ချပေးခဲ့ပြီး တိုင်းပြည်အခြေအနေအေးချမ်း တည်ငြိမ် သွားတဲ့အခါ၊ မူလ အင်းစိန် GTI ကျောင်းနေရာသို့ ပြန်လည်ပြောင်းရွှေ့ကာ ဆက်လက် ပို့ချခဲ့ပါတယ်။

    ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီးဦးဘလှီက တာဝန်ယူခဲ့ပြီး၊ ဆရာကြီးဦးလူအေး နှင့် ဆရာကြီးဦးထင်စိန် တို့အပါအဝင် အခြားလက်ထောက်ဆရာများဖြင့် ကျောင်းသား ၃၀ ခန့်ကို သင်ကြားပို့ချ ခဲ့ ပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ် နှင့် ဗဟိုအင်ဂျင်နီယာတပ် တပ်မှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ရုရှားနိုင်ငံသံအမတ်ကြီးဦးမျိုးမြင့် နှင့် အမျိုးသား စီမံကိန်းနှင့် ဖွံဖြိုးတိုးတက်မှု ဝန်ကြီး ဌာနဝန်ကြီး ဦးစိုးသာ၏ ဖခင် ဦးသာစိန် တို့ဟာ ဗမာနိုင်ငံတော် အစိုးရစက်မှုလက်မှု ပညာသင်ကျောင်း ကျောင်းသားဟောင်းများဖြစ်ပါတယ်။

    ဇန်နဝါရီလ ၄ ရက်နေ့ ၁၉၄၈ ခုနှစ် မှာ၊ လွပ်လပ်ရေးရပြီးနောက် ပေါါပေါက်လာတဲ့ ပြည်တွင်းမငြိမ်သက်မှုများကြောင့် ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ၊ မူလ အင်းစိန် GTI ကျောင်းနေရာမှ၊ ဒဂုံမြို့နယ် မော်ကွန်းတိုက်လမ်း နှင့် ပန်တျာလမ်းကြား၊ ဦးဝိစာရလမ်းမပေါါရှိ နေရာရှိ ဂူဂျရတ္တီကျောင်းနေရာသို့ ဆရာကြီးဦးဘလှီမှပင်၊ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူ ကာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

    ဂူဂျရတ္တီကျောင်းဟာ စက်တင်ဘာလ ၈ ရက်နေ့ ၁၉၃၉ ခုနှစ် မှာ၊ အိန္နိယဝန်ကြီးချုပ် Mr. ပဏ္တွစ်နေရူး မှ၊ အုတ်မြစ်ချကာ ဂူဂျာရပ်ပြည်နယ်က ဂူဂျရတ္တီလူမျိုး ကျောင်းသားများအတွက်၊ ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပြီး၊ ပြည်တွင်းမငြိမ်သက်မှုများ ရပ်ဆိုင်းသွားတဲ့အခါ၊ Main Building ပင်မဆောင်တခြမ်း မီးရှို့ဖျက်စီး ခံထားရသော မူလ အင်းစိန် GTI ကျောင်းနေရာသို့ ECEC (Emergency Civil Engineering Course) သင်တန်းအမည်နဲ့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ တဲ့ ဇန်နဝါရီလ ၃၁ ရက် ၁၉၄၈ ခုနှစ် မှစပြီး၊ သြဂုတ်လ ၈ ရက် ၁၉၅၂ ခုနှစ် အထိ၊ ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီး ဦးဘရှင်မှ တာဝန်ယူခဲ့ပါတယ်။

    နိုဝင်ဘာလ ၁၈ ရက် ၁၉၅၀ ခုနှစ်မှာ၊ ကိုလံဘိုစီမံကိန်းအဖြစ် စတင်အတည်ပြုပြုထမ်းခဲ့တဲ့၊ ဓနဿဟာရနိုင်ငံများထံမှ အထောက်အပံ့ကို၊ အင်းစိန် GTI ကျောင်း မှ၊ အကျိုးရှိစွာ ရယူအသုံးချူနိုင်ခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ဆရာကြီးဦးဘရှင် ရဲ့မှတဆင့် ကျောင်းအုပ်ကြီး အဖြစ်၊ အင်းစိန် GTI ဆင်း မြို့ပြအင်ဂျင်နီယာဌာန ကထိက ဆရာကြီးဦးအန့်ခင်က တာဝန် ယူခဲ့ပြီး၊ သြဂုတ်လ ၈ ရက် ၁၉၅၂ ခုနှစ် ကနေ၊ ဇူလိုင်လ ၂၀ ရက် ၁၉၅၃ ခုနှစ် အထိ တာဝန်ယူချိန် အချိန် တစ်နှစ်ကျော် ကာလ အတွင်း၊ ၁၉၅၂ - ၅၃ ပညာသင်နှစ်မှာ၊ အီလက်ထရောနစ် နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာ သင်တန်း ကိုဖွင့်လှစ်ခဲ့ ပါတယ်။

    အဲဒီနောက်မှာ AMI, MECE, AMICE, AMIEE လက်မှတ်များရရှိထားသူ ပန်ဂျပ်ပြည်နယ်ဇာတိဖြစ်တဲ့ ဆရာကြီး ဦးမောင်ကြီး မှ၊ အမေရိကန်နိုင်ငံမှ NASA National Aeronautics and Space Administration အဖွဲ့သို့ မကူးပြောင်းခင်၊ ဇူလိုင်လ ၂၀ ရက် ၁၉၅၃ ခုနှစ် မှ သြဂုတ်လ ၂ ရက် ၁၉၅၄ ခုနှစ် အထိ၊ ကျောင်းအုပ်ဆရာကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။

    ဆရာကြီးဦးမောင်ကြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့သွားတဲ့အခါ၊ ဆရာကြီးဦးအန့်ခင်မှ ကျောင်းအုပ်ကြီး အဖြစ် ပြန် လည် တာဝန်ယူခဲ့ပြီးနောက်၊ ယခင်က GTI ကျောင်းဆင်းလက်မှတ်ကိုသာ ပေးအပ် ခဲ့ပြီး၊ ကိုထွန်းတို့ရရှိခဲ့တဲ့ A.G.T.I (Associateship of the Government Technical Institute) အသိအမှတ်ပြုလက်မှတ်ကို ၁၉၅၄ ခုနှစ်မှ စကာ စ တင်ပေးအပ်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ သုံးထပ်မှန်ဆောင်၊ ဒက္ခိဏ နဲ့ ဥတ္တရ ဆောင်များကို လည်း ဆောက် လုပ်ခဲ့ ပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:37 PM.

  10. The Following User Says Thank You to ကိုထွန်း For This Useful Post:


  11. #16
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    ၁၉၅၃ မှ ၁၉၅၉ အင်းစိန် G.T.I

    Ford Foundation အကူအညီအရစေလွှတ်ခဲ့တဲ့ William Hood Dunwoddy Industrial Institute of Minneapolis USA မှ၊ Mr. Young, Mr. Allan L.Johnson, Mr. Mannaris နှင့် Mr. Van Wyck တို့မှ Adviser အဖြစ်၊ ၁၉၅၃ ခုနစ်မှ ၁၉၆၂ ခုနှစ်အထိ၊ အင်းစိန်G.T.I မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Mr. Van Wyck ကွယ်လွန်သွားတဲ့အခါ Mr. Jhon J. Duggan မှ၊ Chief Adviser အဖြစ်ဆောင်ရွက်ခဲ့တယ်လို့ မှတ်တမ်းများအရသိရပါတယ်။

    ၁၉၅၅ ခုနစ်မှာ ပထမဆုံး အီလက်ထရောနစ် နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာသင်တန်းမှ ကျောင်းသား ၃ ဦးဖြစ်တဲ့ ဆရာကြီးဦးသန်းမောင် ( အင်းစိန်G.T.I အီလက်ထရောနစ် နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာသင်တန်းဌာနမှူး)၊ ဦးတင်အေး (အမှုဆောင်အင်ဂျင်နီယာ၊ မြန်မာ့အသံ) နဲ့ ဆရာကြီးဦးထွန်းခင် (အလုပ်ရုံမှူး၊ စက်မှူလက်မှ အထက် တန်းကျောင်း၊ မော်လမြိုင်) တို့ကျောင်းဆင်းလာကြပြီး၊ ပထမဆုံး အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး အင်ဂျင်နီ ယာသင်တန်းမှ ပထမအဆင့်နှင့် အောင်မြင်ခဲ့သူ ဆရာကြီးဦးသန်းမောင် ကို၊ ၁၉၉၂ ခုနှစ်မှာ အငြိမ်းစား မယူမှီအထိ ကိုထွန်းတို့ ရဲ့ သင်တန်းဌာနမှူးအဖြစ်သိမှီလိုက်ရတဲ့အပြင် ဆရာကြီးဦးသန်းမောင်ပြုစုပေးခဲ့တဲ့ သင်တန်းမှတ်စုများ၊ စာအုပ်စာတန်းများနဲ့လည်း သင်ကြားခဲ့ရပါတယ်။

    ၁၉၅၆ ခုနစ်မှာ လျှပ်စစ်(စွမ်းအား) အင်ဂျင်နီယာသင်တန်းမှ ပထမဆုရ အောင်မြင်ခဲ့သူ ဆရာကြီးဦးလှဝင်း(လက်ထောက်ကထိက၊ အင်းစိန်G.T.I လျှပ်စစ်(စွမ်းအား) အင်ဂျင်နီယာဌာန)၊ ၁၉၅၇ ခုနစ်မှာ လျှပ်စစ်(စွမ်းအား) အင်ဂျင်နီယာသင်တန်းမှ တတိယဆုရ အောင်မြင်ခဲ့သူ ဆရာကြီးဦးမျိုးဆွေ (ဌာနမှူး၊ အင်းစိန်G.T.I လျှပ်စစ်(စွမ်းအား) အင်ဂျင်နီယာဌာန)၊ အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာသင်တန်းမှ ဒုတိယဆုရ အောင်မြင်ခဲ့သူဆရာကြီး Mr. T.R Guha (ဦးဂူဟား) (လက်ထောက်ကထိက၊ အင်းစိန်G.T.I အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာဌာန) တို့ကိုလည်း၊ ကိုထွန်းတို့ ရဲ့ သင်တန်းဆရာကြီးများအဖြစ်၊ သိမှီလိုက်ရတဲ့အပြင် ဆရာကြီးများ ပို့ချဲ့ခဲ့တဲ့ အတန်းများကို၊ တက်ရင်း၊ ပြုစုပေးခဲ့တဲ့ သင်တန်းမှတ်စုများ၊ စာအုပ်စာတန်း များနဲ့လည်း သင်ကြားခဲ့ရပါတယ်။

    ကိုထွန်းတို့ သဘော်လိုက်တဲ့အခါမှာလည်း ဆရာကြီးဦးလှဝင်း နဲ့ ဆရာကြီးဦးမျိုးဆွေ တို့ရဲ့ ရေကြောင်း လျှပ်စစ်အင်ဂျင်နီ ယာ သင်တန်းများက သင်တန်း မှတ်စုများ၊ စာအုပ်စာတန်းများကို၊ ဆက်လက်လေ့လာ အသုံးချခွင့်ရခဲ့ပါတယ်။

    ဆရာကြီးဦးအန့်ခင်လက်ထက် မှာ ယခင်က ဖွင့်လှစ်ခဲ့တဲ့ ပုံဆွဲသင်တန်း (Draftsmanship သင်တန်း) မရှိတော့ပဲ ၁၉၅၄ ခုနှစ်မှာ သတ္တုတူးဖော်ရေးအင်ဂျင်နီယာသင်တန်း နှင့် ၁၉၅၅ ခုနှစ်မှာ စက်မှု(ပုံစံပြု) အင်ဂျင်နီယာသင်တန်းကို အင်းစိန်G.T.I မှာမှာ၊ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဆရာကြီးဦးအန့်ခင် အငြိမ်းစားယူတဲ့အတွက်၊ ဆရာကြီးဦးမြသန်းမှ ကျောင်းအုပ်ဆရာကြီး အဖြစ်တာဝန်ယူခဲ့ ပါတယ်။ ၁၉၅၆ ခုနှစ် ပညာသင်နှစ်မှာ အမျိုးသမီးအင်ဂျင်နီယာသင်တန်းသူ ၃ ဦးကို၊ စတင်ကျောင်းဝင်ခွင့်ပြုခဲ့ပါတယ်။

    ၁၉၅၉ ခုနှစ် မှာ ဆရာကြီးဦးမြသန်း အငြိမ်းစားယူတဲ့အတွက်၊ ၁၉၅၉ ခုနှစ် မှ ၁၉၇၂ ခုနှစ်အထိ B.O.C ကောလိပ်ဘွဲ့ရ၊ ဆရာကြီးဦးစိုးမောင် (B.Sc. Engg, ၁၉၅၅ ခုနှစ်) မှ ကျောင်းအုပ်ဆရာကြီး အဖြစ်တာဝန်ယူခဲ့ပြီး၊ လေကြောင်း အင်ဂျင်နီယာသင်တန်း (Aeronautical Engineering) ကိုစတင်သင်ကြားဖို့စီစဉ်ခဲ့ပါတယ်။ သင်ကြားမှုအထောက်အကူ အဖြစ် ဒုတိယကမ္ဘာစစ်သုံး လေယာဉ်ပျံ တစ်စီးကို ကျောင်းဝင်းအတွင်းမှ ဥတ္တရဆောင် နဲ့ ဘောလုံးကွင်းအကြားမှာ၊ ထားရှိခဲ့တယ်လို့သိရပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:32 PM.

  12. The Following User Says Thank You to ကိုထွန်း For This Useful Post:


  13. #17
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန် G.T.I ၊ ဆရာကြီးဦးလှဝင်း နဲ့ ဆရာကြီး Mr. T.R Guha

    ဆရာကြီးဦးလှဝင်း ကို ဒုတိယနှစ် DC Machines & Controls ဘာသာရပ်သင်တဲ့အချိန်မှာ စဆုံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆရာကြီးဟာ အငြိမ်းစား ယူပြီးဖြစ်ပေမယ့်၊ သင်ကြားရေးမှာ ဆရာအင်အား အခက်အခဲ ရှိတဲ့အတွက်၊ လာရောက်ကူညီသင်ကြားပေးခြင်းဖြစ်ပါတယ်။

    ဓါတ်အားပေးစက်ရုံ နှင့် သံရည်ကြိုစက်တို့မှာ အင်ဂျင်နီယာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမှ၊ ကျောင်းမှာ ဆရာအဖြစ် ပြန်လာကာ လက်ထောက်ကထိကအဆင့်နဲ့ အငြိမ်းစားယူခဲ့သူ ဆရာကြီးဟာ စာသင်တဲ့အခါ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်မှ ဥပမာများနဲ့ ပေါင်းစပ်ကာရှင်းပြလေ့ရှိပါတယ်။

    ဆရာကြီး Mr. T.R Guha ကိုလည်း၊ ဒုတိယနှစ် Electronics Circuit Theory ဘာသာရပ်သင်တဲ့အချိန်မှာ၊ ဆုံခဲ့ ရတာဖြစ်ပါတယ်။ အိန္နိယသွေးပါပေမယ့်၊ အလွန်မြန်မာဆန်သိမ်မွေ့လှပြီး ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ နဲ့ စကားပြောပုံကအစ လူကြီးလူကောင်းဆန်တာမို့ အားကျအတုခိုးစရာကောင်းပါတယ်။ ဗဟိုဆောင် Hall Tutor ဆရာကြီးဟာ ပက်လက် ကုလားထိုင် တလုံးနဲ့ ဗဟိုဆောင်အပေါါထပ် ဝရံတာကနေ ညတိုင်းကျောင်းသားတွေကိုစောင့်ကြည့်နေတတ်ပါတယ်။

    အမြဲတမ်း အပြန်နောက်ကျတဲ့ကျောင်းသား၊ မူးလာတဲ့ကျောင်းသားဆို အပြစ်ပေးအရေးယူတာတွေ၊ ဆူတာတွေ မလုပ် ပဲ၊ နောက်မှ စကားဆုံလို့ပြောပုံမျိုး နဲ့ လေအေးအေးလေးသုံးကာ၊ ဆုံးမတတ်ပါတယ်။ ဆိုးတဲ့ကျောင်းသားဆိုရင် ကျောင်း အဖွဲ့အစည်းအသင်းအဖွဲ့ တခုခုမှာ၊ တာဝန်တခုပေးအပ်ပြီး ထိန်းကြောင်းပါတယ်။ အဲဒီအခါ ကျောင်းသားဟာ လမ်းမှန်ပေါါ ကို သူ့အလိုလိုပြန်ရောက်သွားပါတော့တယ်။ ဆရာကြီး ရဲ့ အယူအဆတွေ၊ အတွေးအခေါါတွေ တော်တော်များများဟာ အတုခိုးစရာမို့ ကိုထွန်းမှာ ပြောစရာ တော်တော်များများရှိပါတယ်။

    စာသင်တဲ့အခါ စာအုပ်ကိုလက်မှာမကိုင်ပဲ၊ အတန်းရဲ့ရှေ့ဆုံးက ကျောင်းသူ၊ ကျောင်းသားတစ်ယောက်ယောက်ရဲ့ စာရေး စာပွဲမှာ တင်ပါးလွှဲထိုင်ရင်း တပည့်တို့လို့ အစချီကာ၊ လေအေးအေးလေးနဲ့ စာပြန်ဖတ်ဖို့မလိုအောင် ရှင်းပြတတ်တဲ့ ဆရာကြီး ရဲ့ လေသံ နဲ့ အမူအရာကို ယခုတိုင်သတိရမိနေဆဲပါ။ ဆရာကြီးဟာ ဝါသနာပါလို့ ကျောင်းဆရာ အလုပ်ကိုရွေး ချယ်ခဲ့သူပါ။

    ညီအကိုတွေက ဆေးရုံအုပ်ကြီး၊ တိုင်းအင်ဂျင်နီယာစတဲ့ အရေးပါတဲ့ရာထူးတွေရရှိခဲ့သော်လည်း လက်ထောက် ကထိက ရာထူး နဲ့ဆရာကြီးဟာ မွန်မြတ်စွာပညာဒါနပြုပြီး၊ တိုင်းပြည်အတွက် အတတ်ပညာရှင်တွေကို ပြုစုပျိုးထောင် ခဲ့ပါတယ်။ ၁၉၅၈ ခုနစ်မှ ၁၉၉၃ ခုနစ်အထိ၊ ဆရာကြီးပြုစုပျိုးထောင်ခဲ့တဲ့ အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာ သင်တန်းကျောင်းသားဟောင်း အများစုဟာ မြန်မာနိုင်ငံတင်သာမက အခြားနိုင်ငံများအထိ စီမံခန့်ခွဲမှုအဆင့်နေရာတွေမှာ၊ တာဝန်ယူနေကြ ပါတယ်။



    အပေါါကပုံလေးကတော့ ကိုထွန်းတို့ ဒုတိယနှစ်တုန်းက၊ Main Building ရှေ့မှာရိုက်ထားတဲ့ပုံလေးပါ။ ဓါတ်ပုံရိုက်ပေးသူ လူဆိုးခေါင်းဆောင်က၊ ဝေဖြိုးဟန် (ကိုဖြိုး) ဖြစ်ပြီး၊ ဓါတ်ပုံထဲကလူဆိုးတွေ ကတော့ သန်းထွဋ်စိုး (ရွှေပြည်)၊ ရဲဝင်းသူ (အဖီ)၊ သန်းထွန်းဦး (အရှည်ကြီး)၊ ကျော်မင်းနိုင် (ကျော်ကြီး)၊ ထွန်းထွန်းလင်း၊ စန်းယု ကိုထွန်း၊ သက်ချစ်ဆွေ (သက်ကလေး) နဲ့ တင်ခိုင် တို့ဖြစ်ပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:30 PM.

  14. The Following User Says Thank You to ကိုထွန်း For This Useful Post:


  15. #18
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန် G.T.I နဲ့ ဆရာကြီးဦးမျိုးဆွေ

    ဆရာကြီးဦးမျိုးဆွေ ကို၊ နောက်ဆုံးနှစ်မှာ ဆုံခဲ့ပါတယ်။ AC Machines & Control ဘာသာရပ်ကို လျှပ်စစ် (စွမ်းအား) အင်ဂျင်နီယာဌာန၊ ဌာနမှူး၊ အဖြစ်လာရောက်ပို့ချပေးပါတယ်။ ဆရာကြီးဟာ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ နဲ့ စကားပြောပုံကအစ လူကြီးလူကောင်းဆန်ပြီး၊ လေအေးအေးလေးနဲ့ စာပြန်ဖတ်ဖို့မလိုအောင် ရှင်းပြတတ်တဲ့အပြင်၊ နိုင်ငံတကာအတွေ့အကြုံရှိသူမို့၊ ပို့ချ ချက်တွေဟာ လက်တွေ့နဲ့ပေါင်းလိုက်တဲ့အခါ တန်ဖိုးရှိလှပါတယ်။

    ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာများအတွက်လည်း၊ Updated ဖြစ်တဲ့ စာအုပ်တစ်အုပ်ကိုစေတနာ ထားကာပြုစုပေးခဲ့ပါ တယ်။ ဆရာကြီး ဟာမွန်မြတ်စွာပညာဒါနပြုခဲ့သူတစ်ဦးဖြစ်ပြီး၊ သင်ရိုးညွှန်းတမ်းအတွက်တင်မကပဲ၊ ဆရာကြီး ပြုစုခဲ့တဲ့ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာဘာသာရပ်စာအုပ်အပါအဝင်၊ အခြားသောစာအုပ်တွေကို ပြန်ကြည့်တဲ့ အခါ၊ လက်တွေ့နယ်ပယ်မှာ အလွန်အသုံးဝင်တာကိုတွေ့ရပါတယ်။

    ကိုထွန်းတို့ ပထမနှစ် Applied Mechanics ဘာသာရပ်ကို၊ EC ဌာနမှ ဆရာများကပို့ချပေးခဲ့ပြီး၊ သင်ရိုးညွှန်းတမ်းအတွက် ပြုစုပေးခဲ့တဲ့ ဆရာကြီးကတော့ Yale တက္ကသိုလ်ဆင်း ဆရာကြီး ဦးခင်မောင်သိန်း B.S, Mech. E ဖြစ်ပါတယ်။ ပထမနှစ် နဲ့ ဒုတိယနှစ် မှာ အဂ်လိပ်စာ၊ သိပ္ပံ နဲ့ သခ်ျာ စတဲ့အထွေထွေဘာသာရပ်များကိုပို့ချပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေဟာ သင်ရိုးညွှန်းတမ်းအရ သင်ကြား ပေးခဲ့ရုံတင်မက၊ လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်ဖို့အထိ ရှင်းလင်းပြောပြနိုင် ခဲ့သူတွေပါ။

    Science 1 သင်တဲ့ ဆရာဦးငွေထွန်းရှိန်၊ Calculus သင်တဲ့ ဆရာကြီးဦးတင်ငွေ၊ Measurement သချာ် သင်တဲ့ ဆရာကြီး ဦးစိန်ဝင်း(ဆရာတော်အရှင်ဆန္ဓာဓိက ၏ ခမည်းတော်) နဲ့ ဆရာကြီးဦးစိန်ဝင်း(သီချင်းရေးဆရာ၊ အဆိုတော် နေမျိုးဆေး ၏ ဖခင်) စတဲ့ ဆရာတွေအပြင်၊ Machine Tools & Design အင်ဂျင်နီယာ ဌာနမှ Strength of Materials ဘာသာရပ်ကို၊ လာရောက်ပို့ချပေးတဲ့ ဆရာမဒေါါစန္ဒာမြင့်၊ စက်မှုဆရာဖြစ်သင်တန်းဌာန မှ Electro Technology ဘာသာရပ်ကို၊ လာရောက် ပို့ချပေးတဲ့ ဆရာမကြီး ဒေါါမြကြည် (နောင် သံလျှင် GTC ကျောင်းအုပ်ကြီး၊ ညွန်ကြားရေးမှုး၊ စက်မှစိုက်ပျိုး နှင့်သက်မွေးပညာဦးစီးဌာန) တို့ကိုလည်း အခုထိသတိရမိနေပါသေးတယ်။

    ကိုထွန်းတို့ နောက်ဆုံးနှစ်မှာ၊ ဆရာမဒေါါစန္ဒာမြင့်ဟာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ကို လက်ထောက် အင်ဂျင်နီယာ ရာထူးနဲ့ ပြောင်းရွှေ့သွားပေမယ့်၊ ကျောင်းဘေးက ပင်မအလုပ်ရုံမှာ တာဝန်ကျ တာမို့၊ ကျောင်းကို သံယောဇဉ်ကြီးသူ ပီပီ၊ နေ့ခင်းထမင်းစားချိန်တိုင်းမှာ၊ ကျောင်းထဲကိုလာလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ Catterpiler (Myanmar Tractor) ကိုပြောင်းသွားခဲ့ကာ၊ ၁၉၉၅ လောက်မှာ Singapore Tractor ကိုရောက်လာခဲ့တယ်လို့သိရပြီး၊ အခုထိ ကိုထွန်း တို့နဲ့ ပြန်မဆုံတော့ပါဘူး။

    စာကြည့်တိုက်မှူးဆရာမကြီး အပါအဝင်၊ စာပေဌာန၊ Civil အင်ဂျင်နီယာဌာန၊ Mechanical Power နဲ့ Machine Tools & Design အင်ဂျင်နီယာဌာန၊ Electrical Power အင်ဂျင်နီယာဌာန၊ Food & Chemical Technology အင်ဂျင်နီယာဌာန နဲ့ Plastic & Rubber Technology အင်ဂျင်နီယာဌာနမှ ဆရာ ဆရာမများကလည်း ကျောသားရင်သားမခွဲပဲ အမြင်မတော်လျှင်မတော်သလို ဆုံးမလမ်းညွန်လေ့ရှိပါတယ်။

    အဲဒီထဲမှာ Plastic & Rubber Technology အင်ဂျင်နီယာဌာနမှ ဌာနမှုး ဆရာမကြီးဒေါါတိုးတိုးသန်းကတော့ ပွင့်ပွင့် လင်းလင်းနဲ့ အမြင်မတော်ရင်၊ တွေ့တဲ့နေရာမှာတင် လာခဲ့ဆိုပြီး ဆိုဆုံးမလေ့ ရှိ ပါတယ်။ ပြီးမှ ဘယ်မေဂျာက လည်းမေး ပြီး၊ ငါက မေဂျာ အစွဲမရှိဘူး၊ အားလုံးဟာငါ့ သားသမီးတွေလို့ဆိုကာ၊ အစဉ်အလာကြီးခဲ့တဲ့ အင်းစိန် GTI ရဲ့ ဂုဏ်သိက္ခာ ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ မှာတတ် ပါတယ်။

    ၁၉၃၆ ခုနှစ်တုန်းက၊ အင်းစိန်G.T.I ရဲ့ ပထမဆုံးမြန်မာလူမျိုးကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဆရာကြီးဦးဘလှီရဲ့မြေး ဆရာမကြီးဒေါါခင်ဝင်းကြည်(B.E Chemical) ဟာ၊ ပထမဆုံး ဌာနမှူး အဖြစ်နဲ့အဖြစ်နဲ့ Food & Chemical Technology အင်ဂျင်နီယာဌာနမှာ တာဝန်ယူခဲ့တယ်လို့၊ သိရပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:25 PM.

  16. The Following User Says Thank You to ကိုထွန်း For This Useful Post:


  17. #19
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    46
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    ၁၉၅၉ မှ တော်လှန်ရေးအစိုးရ လက်ထက် အင်းစိန် G.T.I

    ဆရာကြီးဦးစိုးမောင်ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူစဉ် ၁၉၅၉-၁၉၆၀ ပညာသင်နှစ်မှာ၊ ကင်မရွန်းနိုင်ငံသား ၁ ဦးနဲ့ လာအိုနိုင်ငံသား ၂ ဦး၊ ကျောင်းဝင်ခွင့်လျှောက်ထားခဲ့ကြပြီး၊ လာအိုနိုင်ငံသား ၂ ဦး၊ ကိုလက်ခံခဲ့ပါတယ်။

    လာအိုနိုင်ငံသားကျောင်းသား ၂ ဦး၊ ဟာမြန်မာဝတ်စုံနဲ့ကျောင်းတက်ခဲ့ကြပြီး၊ ကျောင်းမဆင်းခင် အခြားနိုင်ငံ တစ်ခုမှာ ဆက်လက် ပညာ ဆည်းပူးဖို့ထွက်ခွာသွားကြပါတယ်။ လာအိုနိုင်ငံသားကျောင်းသား ၂ ဦးအနက်၊ တစ်ဦးရဲ့ နာမည်က ခမန်း လို့ခေါါကြောင်း မှတ်တမ်းများအရသိခဲ့ပါတယ်။

    ပထမဆုံး အမျိုးသမီး အင်ဂျင်နီယာ အဖြစ်မြို့ပြအင်ဂျင်နီယာ(Building) သင်တန်းမှ ဒေါါနော်မာဂရက် (အငြိမ်းစား၊ ခန့်မှန်း ၂၊ ပြည်သူ့ဆောက်လုပ်ရေး) ဟာ ၁၉၅၉ ခုနှစ်မှာ ကျောင်းဆင်းလာပြီး၊ ၁၉၆၀ ခုနှစ် မှာ မှာ မြို့ပြ အင်ဂျင်နီယာ(Building) သင်တန်းမှ၊ ဒေါါနော်စံကြည်ဖေ (အငြိမ်းစား၊ ခန့်မှန်းအုပ်၊ ပြည်သူ့ဆောက်လုပ်ရေး)၊ အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာ သင်တန်းမှ ဒေါါစန်းစန်းရီ နဲ့ ဒေါါနော်ဂျက်စီကချာ (Naw Jesse Kacher) တို့ကျောင်းဆင်းခဲ့ပါတယ်။

    ၁၉၆၂ မတ်လ မှာ တော်လှန်ရေးအစိုးရတက်လာပြီး အင်းစိန်G.T.I ကို၊ စက်မှုဝန်ကြီးဌာနကြီးကြပ်မှု မှ ပညာရေး ဝန်ကြီးဌာန အောက်သို့ ပြောင်းလည်းဖွဲ့စည်းခဲ့ပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:16 PM.

  18. The Following User Says Thank You to ကိုထွန်း For This Useful Post:


  19. #20
    Junior Member Deepblue is an unknown quantity at this point
    Join Date
    Mar 2010
    Location
    Singapore
    Posts
    62
    Thanks
    199
    Thanked 253 Times in 52 Posts
    Rep Power
    0

    Re: စီနီယာနောင်တော်များသို့

    [quote author=tuntunzaw link=topic=1276.msg18958#msg18958 date=1233744824]
    ကျွန်တော်ကတော့ အင်းစိန် G.T.I မှာ 1997 ခုနှစ် မှာစတင် ဖွင့်လှစ်ခဲ့တဲ့ စက်မှုဆရာဖြစ်သင်တန်း တက်ခဲ့တဲ့ သူပါ။ အစ်ကို တို့ ထပ်တူ ကျောင်းတော်ကြီး ကို လွမ်း၊ တမ်းတ နှမြော နေပါတယ်။ ကျွန်တော် က အင်းစိန် ကို ရောက်တော့ MP မေဂျာနဲ့ တက်ခဲရပါတယ်။ အဲဒီအချိန်က ဌာနမှူး က ဦးအုန်းမြင့် (ဒီဇယ်) လေဗျာ ။
    [/quote]
    ၁၉၉၇ မှာ အင်းစိန် G.T.I. ရဲ့ MP ဌာနမှူးက ဒေါ်ခင်စန်းဝင်း ဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာကြီးကတော့ ဦးမြင့်အောင် မှန်ပါတယ်။
    စက်မှုဆရာဖြစ်သင် T.T.T.I. က သီးခြားဖွဲ့စည်းပုံနှင့်ဖြစ်ပြီး G.T.I. နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူးခင်ဗျာ။

    စက်မှုဆရာဖြစ်သင်ဖက်မှာ ၁၉၉၇ ဆရာဖြစ်သင်တန်းမစတင်မီအထိ ဆရာကြီး ဦးဘလင်းက ကျောင်းအုပ်ကြီးဖြစ်ပါတယ်။ ပင်စင်တင်ပြီးလုပ်သက်ခွင့်ခံစားနေတဲ့ ဆရာကြီးဦးဘလင်းရဲ့ နေရာမှာ ဆရာကြီးဦးဝင်းမောင်ထွန်း ရောက်ရှိတာဝန်ယူခဲ့တာဖြစ်ပါတယ်။
    စက်မှုဆရာဖြစ်သင်တန်းမှာ ဟင်္သတမှ မှပြောင်းရွှေ့လာတဲ့ဆရာဦးအုန်းမြင့်နှင့် ဆရာဦးကြည်စိုးတို့ တာဝန်ထမ်းဆောင်ခဲ့ပြီး တောင်ငူဂျီတီအိုင်မှ ဆရာဦးအုန်းမြင့်(ဒီဇယ်) ကတော့ အင်းစိန်ဂျီတီအိုင်ထဲမှာ TE ကားတွေနှင့်ပတ်သက်ပြီး တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ ဖေါ်ပြပါ ဆရာအားလုံးဟာ ထိပ်ပိုင်းအဆင့်မှ တိုက်ရိုက်တာဝန်ပေးအပ်ခံရသူများဖြစ်ပါတယ်။

    ကျွန်တော်သိရှိမှတ်မိသလောက်ဖြစ်ပါတယ်

    Deepblue

  20. The Following 2 Users Say Thank You to Deepblue For This Useful Post:


+ Reply to Thread
Page 2 of 5 FirstFirst 1 2 3 4 ... LastLast

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts